ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အာဂျတ်တေယ်ကုန်းရှိ အမှတ် (၁၂) ရဲတပ်ရင်းကနေ ပေါက်တောမြို့ကို ပစ်ခတ်နေတဲ့ လက်နက်ကြီးပြောင်း ပေါက်ကွဲပြီး ဒဏ်ရာပြင်းထန်စွာရရှိသွားတဲ့ စစ်ကောင်စီတပ်သား ၆ ဦး ဆေးကုသမှုခံယူရင်း နိုဝင်ဘာ ၂၄ ရက်က သေဆုံးသွားတယ် တပ်မိသားစုထံက သိရပါတယ်။
စစ်ကောင်စီတပ်သား ၆ ဦးဟာ စစ်တွေအောင်ဒိုင်ဆင်းလမ်း ကုတင် ၁၀၀ စစ်ဆေးရုံမှာ ဆေးကုသမှုခံယူရင်း ဒဏ်ရာပြင်းတဲ့အတွက် သေဆုံးသွားတာလို့ မျက်မြင်တပ်မိသားစုဝင် တဦးက ပြောပါတယ်။
"ဒဏ်ရာက တော်တော်လေးပြင်တယ်။ အခြေအနေက ဆေးရုံရောက်တဲ့နေ့ကတည်းက ဆိုးဝါးနေတာ အတတ်နိုင်ဆုံး ကုသကြတာပေါ့။ မနေ့ညက ၄ ဦး ဆုံးသွားတယ်။ မနက်မှာ ၂ ဦး ထပ်ဆုံးသွားတယ်” လို့ ပြောပါတယ်။
အဆိုပါ စစ်သား ၆ ဦးမှာ နိုဝင်ဘာ ၂၂ ရက်၊ ညနေပိုင်းက ရဲတပ်ရင်းကနေ ပေါက်တောမြို့ကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်စဉ် ချို့ယွင်းမှုဖြစ်ပြီး ပေါက်ကွဲပွင့်ထွက်တာကြောင့် လက်နက်ကြီး ပစ်ခတ်နေတဲ့ စစ်ကောင်စီတပ်သား ၂ ဦး ပွဲချင်းသေဆုံးပြီး ၆ ဦး ဒဏ်ရာရတာ ဖြစ်ပါတယ်။
စစ်တွေဒေသခံတဦးက “လက်နက်ကြီးပေါက်ကွဲတဲ့နေ့က စပြီး စစ်တွေက လှမ်းပစ်တာ မကြားရတော့ဘူး။ လက်ရှိမှာ ပေါက်တောကို စစ်နေဗီတွေ ပတ်လည်ဝိုင်းပြီး အမြောက်ကြီးတွေနဲ့ ပစ်နေကြတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လက်နက်ကြီးပြောင်း မကြာခဏ ကွဲလို့ သေဆုံးမှုရှိတဲ့အတွက် လက်နက်ကြီးပစ်ဖို့ မဝံ့မရဲဖြစ်နေတယ်လို့ တပ်တွင်းသတင်းတွေအရ သိရပါတယ်။