Home
မြန်မာသတင်း
မြိတ် CB ဘဏ်ခွဲတွင် ကျပ်သိန်း ၃၀,၀၀၀ ကျော် ပျောက်ဆုံး 
DVB
·
November 24, 2023
Myeik CB Bank_24112023

တနင်္သာရီတိုင်း၊  မြိတ်မြို့၊ ထားဝယ်စုရပ်ကွက်ရှိ မြိတ် CB ဘဏ်ခွဲ (၁)မှာ ငွေကြေး ပမာဏ သိန်းပေါင်း ၃၀,၀၀၀ ကျော် ပျောက်ဆုံးနေပြီး ဒု-မန်နေဂျာပါ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ မြိုခံတွေထံမှ သိရပါတယ်။

ဘဏ်ဝန်ထမ်း တဦးက“ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ကောလာဟလ ဘဏ်သတင်းတွေကြောင့် လူတွေကြောက်ပြီး ငွေထုတ်ကြတာ။ ငွေအထုတ်များလာတော့ ငွေလိုတဲ့အချိန်မှာ သူ့အမှုက ထပေါ်တာ” လို့ ပြောပါတယ်။

မြိတ်စီးပွားရေးလုပ်ငန်းရှင် တဦးက “တခြားမြို့မှာရှိတဲ့ စစ်တပ်ရဲ့ အရာရှိ တချို့က သူတို့မြို့မှာ ငွေ မလုံခြုံမှာကို စိုးရိမ်ပြီး မြိတ်ဘဏ်ကို ရုံးချုပ်နဲ့ ချိတ်ပြီးလွှဲလိုက်တာ။ လွှဲပြီးတဲ့နောက် မြိတ်ဘဏ်မှာ ပြန်ထုတ်တယ်။ ပြန်ထုတ်တဲ့အချိန်မှာ ငွေမရှိတော့ အဲဒီပြဿနာ ပေါ်လာတာ”လို့ ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း အဆိုပါဘဏ်မန်နေဂျာရဲ့ ဇနီးနဲ့ ယောက္ခမဖြစ်သူနှစ်ဦးကို ထိန်းသိမ်း ထားပြီး ဘဏ်ဝန်ထမ်းတချို့တွေကိုပါ ဖမ်းဆီးစစ်ဆေးနေတယ်လို့ မြို့ခံတွေထံမှ သိရပါတယ်။

မြို့ခံ တဦးက “စစ်ကောင်စီဘက်က ထားဝယ်စုရပ်ကွက်မှာ အိမ်ငှားနေတဲ့ CB ဘဏ်ဝန်ထမ်းတွေ ကို ကား ၅ စင်းနဲ့ ရဲ၊ စရဖ တို့က ည ၁၀ နာရီကျော်လောက်မှာ လာရှာတယ်။ ဖမ်းသွားလား၊ မဖမ်းသွားလား ဆိုတာ မသိရဘူး။ ဒါပေမဲ့ နှစ်ယောက်တော့ ဖမ်းဆီးစစ်ဆေးခံရတယ်”လို့ ပြောပါတယ်။

ရပ်ကွက်ခံအမျိုးသား တဦးက “အခုထိမမိသေးဘူး။ ငွေက သူ သုံးသွားတာဆိုတော့ သူ့နဲပတ်သတ်သူတွေ ဖမ်းဆီးစစ်ဆေးခံနေရတယ်။ ဘဏ်ဝန်ထမ်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ သူ့အကောင့်ကို ငွေလွှဲဖူးတဲ့သူတွေ စစ်မေးခံနေရတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က မြို့ဝင်/ထွက် တံတားတွေကို အကုန်ပိတ်ပြီး စစ်ဆေး ဖမ်းဆီးဖို့ ကြိုးစားပေမဲ့ အဆိုပါဘဏ်မန်နေဂျာကတော့ လွတ်မြောက်နေတယ်လို့ မြို့ခံတွေထံမှ သိရပါတယ်။

မြိတ် CB ဘဏ်ခွဲ (၁) ရဲ့ ဒု-မန်နေဂျာဖြစ်သူ အသက် ၃၇ နှစ်အရွယ်ရှိ ဦးမျိုးထွဋ်ကို မြိတ်မြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၄၀၈နဲ့ ၄၀၂တို့နဲ့ အမှုဖွင့်ထားတယ်လို့ ရဲစခန်းနဲ့ နီးစပ်သူက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024