ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ နိုဝင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီရေတပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ပုဏ္ဏားကျွန်းမြို့မစျေး မီးလောင်နေတယ်လို့ ဒေသခံတွေ ထံက သိရပါတယ်။
နတ်ဆိပ်ကျေးရွာနား ကုလားတန်မြစ်ကြောင်းအတွင်းက စစ်ကောင်စီရဲ့ ရေတပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ပုဏ္ဏားကျွန်းမြို့မစျေးမှာ ကျရောက်ပေါက်ကွဲကာ မီးလောင်ကျွမ်းခဲ့တာလို့ ပုဏ္ဏားကျွန်းမြို့ ခံတယောက်က ပြေပါတယ်။
“စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့တာပါ။ အထက ကျောင်းနားမှာလည်း တလုံး ကျရောက်ပေါက်ကွဲခဲ့တယ်ဗျ။ မီးသတ်ဦးစီးဌာနကကိုလည်း စစ်ကောင်စီတပ်က လုံးဝ မီးငြှိမ်းသတ်ခွင့် မပေးပါဘူး။ ဒီပုံစံအတိုင်းဆိုရင်တော့ စျေးတခုလုံးပြာကျပြီး လူနေရပ်ကွက်တွေကိုပါ မီးကူးစက်နိုင်တယ်” လို့ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဝန်ခံလေ့မရှိဘဲ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကိုသာ ပြန်စွပ်စွဲလေ့ရှိပါတယ်။
ပုဏ္ဏားကျွန်းမြို့မှာ နိုဝင်ဘာလ ၂၃ ရက် ညကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ရွှေဦးရာဇ်မိုးကုတ်ကျောင်ဝင်းထဲမှာ တလုံး၊ ရွှေတောင်တန်း ကျောင်းအလွန်ကနေအိမ်မှာ တလုံး၊ ဆေးရုံနောက်ကျောက နေအိမ်မှာ တလုံးကျရောက် ပေါက်ကွဲခဲ့ကာ အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ နိုဝင်ဘာလ ၁၃ ရက်ကစလို့ တကျော့ပြန်တိုက်ပွဲ ပြန်စတင်ပြီးနောက် ရသေ့တောင်၊ စစ်တွေ၊ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းမြို့ရှိ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ နေ့ရောညပါ ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။