ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်၊ မှော်ဘီမြို့နယ်၊ လှည်းကူးမြို့နယ်၊ ထန်းတပင်မြို့နယ်တို့မှာ နိုဝင်ဘာလ ၂၃ ရက်၊ ည ၉ နာရီ ၁၀ မိနစ်လောက်မှာ ငလျင်လှုပ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ငလျင်ဟာ တိုက်ကြီးမြို့ အရှေ့နဲ့ အရှေ့မြောက်ဘက် ၉ မိုင်ခန့်အကွာရှိ မြေအနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၄ ဒသမ ၃ အဆင့် လှုပ်ခတ်သွားတယ်လို့ ကမ္ဘာအေးမြေငလျင်စခန်းရဲ့ တိုင်းထွာချက်အရ သိရပါတယ်။
မှော်ဘီမြို့ခံ တဦးက “ ငလျင်လှုပ်တာက ည ၉ နာရီနဲ့ ၁၀ မိနစ်လောက်မှာ။ ဆက်တီခုံတွေဆို ခွေးဝင်တိုးသလို ရမ်းသွားတယ်။ ငလျင်တချက်လောက် ဆောင့်လှုပ်ပြီးမှ တဖြည်းဖြည်း လှုပ်သွား တာ။ တခုခုဖြစ်သံတော့ မကြားရဘူး။ ပန်းတပွင့်တောင်ဘက်မှာလည်း မကြားဘူး”လို့ ဆိုပါတယ်။
ငလျင်လှုပ်ခတ်မှုအရှိန်ကြောင့် ဗဟိုချက်နဲ့နီးစပ်တဲ့ မြို့နယ်တွေရှိ ရပ်ကွက်တွေက နေအိမ် အဆောက်အအုံတွေ သိသိသာသာလှုပ်ယမ်းခဲ့ရပြီး ၂ မိနစ်လောက်အထိ ငလျင်လှုပ်ခတ်နေခဲ့တာ ဖြစ်ပါတယ်။
လှည်းကူးမြို့နယ်ပရဟိတအသင်းဝင်တဦးက “ အိမ်တွေတော့ လှုပ်သွားတယ်။ ငလျင်ဌာနက ၄ ဒသမ ၃ စကေး လို့တော့ ကြေညာပါတယ်။ လှုပ်တာတော့ တော်တော်လှုပ်သွားတယ်။ သိပ်တော့ မကြာဘူး။ ၂ မိနစ်လောက်ပါပဲ။ ဒဏ်ရာရသူ ရှိတယ်လို့တော့ လှည်းကူးမှာ သတင်း မဝင် ထား ပါဘူး”လို့ ဆိုပါတယ်။
ပဲခူး၊ မှော်ဘီ၊ တိုက်ကြီးတို့အနီး ဗဟိုပြုပြီး ၂၀၂၃ စက်တင်ဘာအတွင်းက ၃ ရက်ဆက်တိုက် ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့် သင်္ဃန်းကျွန်းမြို့နယ်မှာ အထပ်မြင့်တိုက် ၂ လုံးပူးကပ်၊ မှော်ဘီ ပန်းတပွင့်တောင်နယ်မြေမှာ ဘုန်းကြီးကျောင်းဆောင်ရဲ့ နံရံ၊ အမိုးတွေ ပြိုကျခဲ့ပါတယ်။