မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနယ်စပ်၊ နောင်ချိုမြို့နယ်ထဲက ခြေမြစ်ပင်ရွာမှာ ည ၉ နာရီလောက် ထော်လာဂျီယာဉ်ကို စစ်တပ်က ပစ်ခတ်တာကြောင့် ၁ ဦး ကျည်ထိမှန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခြေမြစ်ပင်ရွာသား တဦးက “၂၀ ရက်နေ့ ည ၉ နာရီလောက်က မြို့မှာပြောင်းရောင်းပြီးပြန်လာတဲ့ ပြောင်းပွဲစား ကံချားနဲ့ ကုန်တင်အချလုပ်တဲ့ လုပ်သား ၄ ယောက်စီးလာတဲ့ ထော်လာဂျီကို နမ့်လင်းခံရွာလမ်းခွဲမှာစောင့်နေတဲ့ စစ်တပ်က သေနတ်နဲ့ လှမ်းပစ်လို့ လုပ်သား ၁ ယောက် ကျည်မှန်တယ်။ ထွေလာဂျီက မောင်းပြေးလာတော့ စစ်တပ်က ရွာထဲအထိ လိုက်လာပြီး ပြောင်းပွဲစားကံချားနဲ့ လုပ်သား ၄ ဦး စုစုပေါင်း ၅ ဦးကို ဖမ်းခေါ်သွားတယ်” လို့ ပြောပါတယ်။
နိုဝင်ဘာ ၂၀ ရက်နေ့ညမှာ ဖမ်ဆီးသွားတဲ့ ပြောင်းပွဲစားအပါ လုပ်သား ၅ ဦးကို ဝက်ဝံနယ်မြေရဲ စခန်းမှာ ၁ ရက်၊ ပြင်ဦးလွင်မှာ ၃ ရက်ချုပ်နှောင်ထားကာ ငွေညှစ်ပြီး ပြန်လွှတ်လိုက်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒေသခံတဦးက “ဖမ်းခံရပြီး နောက်တနေ့မှာ ရဲက သူတို့ ပြန်လွှတ်ပေးဖို့ သိန်း ၈၀ တောင်းတယ်လို့ ကြားတယ်။ အခု ၁၃ သိန်းကျော်ပေးပြီးမှ ပြန်လွတ်လာတယ်။ ကျည်ထိတဲ့ ကောင်လေးက ဒဏ်ရာသိပ်မစိုးရိမ်ရဘူး။ ၄ ရက်ကျော် ချုပ်ခံထားရပြီးက ပြန်လွတ်လာတယ်။ အားလုံးက ငယ်မွေးခြံပေါက်ရွာသားတွေပဲ” လို့ ပြောပါတယ်။
စစ်ရေးပဋိပက္ခတွေဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းက လားရှိုး၊ သိန်းနီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်းနဲ့ ကွမ်းလုံစတဲ့ မြို့နယ် ၈ မြို့နယ်ကို အာဏာသိမ်းစစ်ကောင်စီက ၂၀၂၃ နိုဝင်ဘာ ၁၂ မှာ စစ်အုပ်ချုပ်ရေးထုတ်ပြန်ခဲ့ပါတယ်။
နောင်ချိုမြို့ဟာ စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့ စာရင်းထဲမှာ မပါဝင်ပေမယ့်လည်း နိုဝင်ဘာ ၁၆ ရက်နေ့ ည ၈ နာရီဝန်းကျင်က ပြည်ထောင်စုလမ်းမအတိုင်း အိမ်စီးကားနဲ့ အိမ်ပြန်လာတဲ့ နောင်ချိုမြို့၊ ဈေးရပ်ကွက်၊ နယ်မြေ ၁၀ မှာနေထိုင်တဲ့ အမျိုးသား ၁ ဦး ဟာ မြို့လယ်ခေါင်မှာပင် စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့ရတယ်လို့ နယ်မြေခံတွေက ဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ် ၈ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ထုတ်ပြန်ပြီး ၇ ရက်တာအတွင်း ည ၆ နာရီကျော် နေအိမ်ပြင်ပမှာရှိတဲ့ အရပ်သားတွေကို စစ်ကောင်စီတပ်က ပစ်ခတ်တာကြောင့် သေဆုံးသူ ၄ ဦးရှိခဲ့ပြီလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။