တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ ပုလောဒေသကာကွယ်တပ်ဖွဲ့က ပုလောမြို့လယ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို နိုဝင်ဘာ ၂၂ ရက် ည ၉ နာရီမှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ PRDFအဖွဲ့ထံက သိရပါတယ်။
ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့မှ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက “အခုလိုတိုက်ခိုက်တာဟာ ပြီးခဲ့တဲ့ဇွန်လက ပြုလုပ်တဲ့ ဒရုန်းပရော့ဂျက်မှာ ရရှိထားတဲ့ ဒရုန်းကို ပြည်သူတွေ သိအောင်ချပြတာနဲ့ မြို့ထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်ကို ကျနော်တို့အနေနဲ့ အချိန်မရွေး ဝင်တိုက်လို့ရတယ်ဆိုတာ သတိပေးခြင်းဖြစ်တယ်”လို့ ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး အတည်မပြုရသေးဘူးလို့ သူက ဆက်ပြောပါတယ်။
တိုက်ခိုက်ခံရပြီးတဲ့နောက် ပုလောမြို့ထဲမှာရှိတဲ့ တံတားဂိတ်၊ မြို့တော်ခန်းမ၊ ဘောလုံးကွင်း၊ မီးသတ်ရုံးနဲ့ ဘုရားဝင်းတွေမှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက “ပုလောမြို့နယ်အတွင်းမှာ စစ်ရေးအရှိန်မြင့်လာနိုင်တာမို့လို့ ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိဖို့၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာဖို့နဲ့ ပူးပေါင်းပါဝင်ပေးဖို့ တိုက်တွန်းချင်ပါတယ်။”လို့ ပြောပါတယ်။
၂၀၂၂ ခုနှစ်၊ မတ်လတုန်းက ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပုလောမြို့နယ် ထွေအုပ်ရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး အဆိုပါမိုင်းခွဲတိုက်ခိုက်မှုကြောင့် ဝန်ထမ်း ၂ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။