တရုတ်-မြန်မာနယ်စပ်၊ မူဆယ်မြို့ရှိ ကျင်စန်းကျော့ကုန်သွယ်ရေးစခန်း ကားဝင်းထဲကို နိုဝင်ဘာ ၂၃ ရက်မနက်က လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး ကုန်တင်ကား အစီးရေ ၁၂၀ လောက် မီးလောင်ပျက်စီးသွားတယ်လို့ စစ်ကောင်စီက မနေ့ညက သတင်းထုတ်ပြန်ပါတယ်။
ကျင်စန်းကျော့ကားကြီးကွင်းမှာ ကြူကုတ်ပန်ဆိုင်း၊ ဝမ်တိန်၊ ၁၀၅ မိုင် ဘက်ကလာတဲ့ လမ်းမကြီး ၃ သွယ် ဆုံရပ်မှာတည်ရှိပြီး တရုတ်ပြည်ဘက်ပို့မယ့် ကုန်တင်ကားတွေရော၊ တရုတ်ပြည်ဘက်က ကုန်စည်တင်လာတဲ့ကားတွေရော အဲဒီ့နေရာမှာ ရပ်နားထားကာ ကုန်စည်ဖလှယ်ရာနေရာလည်း ဖြစ်တာကြောင့် ကားအစီးရေ ၃၀၀ ကျော်လောက်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့မနက် ၈ နာရီလောက်က ကားဝင်းထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် ရပ်ထားတဲ့ကားတွေ မီးစတင်လောင်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
ကားဝင်းထဲကျတဲ့ လက်နက်ကြီးဟာ စစ်ကောင်စီတပ် ပစ်ခတ်တာလို့ ဒေသခံတချို့က ပြောဆိုကြပေမဲ့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒါဟာ သူတို့ ပစ်ခတ်တာ မဟုတ်ဘဲ MNDAA၊ TNLA နဲ့ ပူးပေါင်းလက်နက်ကိုင်အဖွဲ့တွေ ပစ်ခတ်တာလို့ စစ်တပ်ဝါဒဖြန့် မြဝတီသတင်းကနေ ထုတ်လွှင့်ပါတယ်။
ကျင်စန်းကျော့အနီးမှာ လွန့်အင်နဲ့ ကျိန်းယန်းဆိုတဲ့ရွာတွေရှိပြီး ရွာက ကုန်တင်ကားပိုင်ရှင်တချို့က သူတို့ကားတွေကို ကျင်စန်းကျော့ ကားကြီးကွင်းထဲ ရပ်နားထားရာကနေ မီးလောင်သွားတဲ့အတွက် နှမြောတသငိုကြွေးနေကြတယ်လို့ ဆိုပါတယ်။