မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ နိုဝင်ဘာ ၂၁ ရက် ညနေက စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တခု တိုက်ခိုက်ခံရပြီး ၁၆ ယောက် သေဆုံး၊ ၅ ယောက် အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ်တောင်ပိုင်း SYSO PDF ကနေ သိရပါတယ်။
ပခုက္ကူမြို့နယ် ပန်းတိုင်းခြုံကျေးရွာက စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို နိုဝင်ဘာ ၂၁ ရက် ညနေ ၄ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက်ခဲ့ကြတယ်လို့ S YSO PDF တာဝန်ခံ ဗိုလ်အောင်မောင်က ပြောပါတယ်။
တိုက်ပွဲ ၁ နာရီခွဲလောက်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီရဲ့ ဘန်ကာ ၄ ခုကို ဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီ တပ်သားတွေကို "လက်နက်ချပါ ပြည်သူ့ရင်ခွင် ပြန်လာပါ"လို့ အော်ဟစ် အသံပေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က လက်နက်ချပါမယ် မပစ်ပါနဲ့လို့ တောင်းဆိုခဲ့ကာ လက်နက်ချမယ့် စစ်ကောင်စီတပ်သားတွေ ထွက်လာတဲ့အချိန်မှာ လက်နက်မချလိုတဲ့ စစ်ကောင်စီတပ်သားတွေက ပြန်လည်ပစ်ခတ်တာကြောင့် တိုက်ပွဲ ပြန်ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၂၇ ယောက်ရှိတဲ့အနက် ၁၆ ယောက် သေဆုံးကာ ၅ ယောက် အပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် ကျန်နေတဲ့ ဘန်ကာကို ဖြိုချပစ်ခတ်နေတဲ့ အချိန်မှာ ပခုက္ကူ တပ်မ ၁၀၁ က စစ်ကောင်စီတပ်သား အင်အား ၁၀၀ ကျော်လောက် စစ်ကူလိုက်လာလို့ စခန်းမသိမ်းနိုင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို S YSO PDF၊MRDA နဲ့ ပခုက္ကူခရိုင် တပ်ရင်း ၂ YRG တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတဲ့ အခြေအနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။