Home
မြန်မာသတင်း
ပုသိမ်မြို့၌ ကြွပ်ကြွပ်အိတ်ဖြင့် ဈေးရောင်းသည့်ဆိုင်များကို စည်ပင်က ဒဏ်ကြေးကောက်
DVB
·
November 23, 2023
Pathein Si Pin_23112023

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ကြွပ်ကြွပ်အိတ်ကင်းစင်စီမံချက် လုပ်ဆောင်နေတာမှာ ရွှေမုဋ္ဌောဘုရားရှေ့ရှိ ဈေးဆိုင်တွေမှာ ကြွပ်ကြွပ်အိတ်နဲ့ ဈေးရောင်းသူတွေကို  စည်ပင်သာယာက  နိုဝင်ဘာ ၂၂ ‌ရက်မှာ ဒဏ်ကြေးကောက်ခံခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပုသိမ်မြို့ကို မြို့နယ်သန့်ရှင်းသာယာစေရေး ခေါင်း‌စဉ်နဲ့ စစ်ကောင်စီခန့် ဧရာဝတီတိုင်းဝန်ကြီးက ဇွန်မှစပြီး တနင်္ဂနွေနဲ့ ဗုဒ္ဓဟူးနေ့တွေ့မှာ ပုသိမ်မြို့ပေါ်ရှိ ဈေးတွေမှာ  ကြွပ်ကြွပ်အိတ်နဲ့‌ ဈေးမရောင်းချဖို့ စည်ပင်ဝန်ထမ်းတွေကတဆင့်  ညွှန်ကြားခဲ့ပါတယ်။

စတင်အမိန့်ထုတ်ချိန်ကစပြီး စည်ပင်ဝန်ထမ်းတွေက ပုသိမ်မြို့ အမှတ် ၃ ရပ်ကွက်ရှိ ကြက်တူရွေးစာသင်ဈေး၊ အမှတ် ၄ ရပ်ကွက်ရှိ မြို့မဈေး၊ အမှတ် ၆ ရပ်ကွက်ရှိဈေးနဲ့ အမှတ် ၇ ရပ်ကွက်ရှိ ရာမညဈေးတို့မှာ စည်ပင်ဝန်ထမ်းဝတ်စုံတွေနဲ့ ဖမ်းဆီးတာအပြင် အသွင်ယူဖမ်းဆီးတာမျိုးလည်း ရှိခဲ့ပြီး ဖမ်း‌ဆီးမိတဲ့ဆိုင်တွေကို ‌‌ဒဏ်ကြေး ကျပ် ၁၀၀၀၀ မှ ကျပ် ၃၀၀၀၀ အထိ ကောက်ခံခဲ့ပါတယ်။

ဈေးသည်တွေဟာ စည်ပင်ဝန်ထမ်းတွေ လာရောက်စစ်ဆေးတဲ့အချိန်တွေမှာ ကြွပ်ကြွပ်အိတ် မသုံးဘဲ ဖက်နဲ့ စက္ကူသာ သုံးစွဲကြတယ်လို့  ပုသိမ်ဒေသခံတဦးက ပြောပါတယ်။

“ဈေးသည်တွေ ခံရတာများတော့ လည်သွားပြီး စည်ပင်ယူနီဖောင်းနဲ့လာလည်း သိတယ်၊ အရပ်ဝတ်နဲ့လာလည်း သိတယ်။ အဓိကကတော့ စည်ပင်ဝန်ထမ်းအကုန်လုံးကို ဈေးသည်တွေက မှတ်ထားလိုက်တာ။ သူတို့ဈေးတွေက ပိုက်ဆံမရတော့လို့ ဒီတပတ်မှ မြို့ထဲမှာရှိတဲ့ ဆိုင်တွေဘက်ကို လှည့်ကောက်တာ။ ရွှေမုဋ္ဌောရှေ့က ၅ ဆိုင်လောက်‌ ဒဏ်ကြေး ၂၀၀၀၀ စီဆောင်လိုက်ရတယ်။”

ပုသိမ်မြို့ရှိ စစ်ကောင်စီဂိတ် ၂၆ ခုက ‌ဆိုင်ကယ်၊ ကားတွေကို နည်းမျိုးစုံနဲ့ ဖမ်းဆီးငွေညှစ်နေသလို ညဘက်တွေမှာလည်း ဧည့်စာရင်းစစ်ပြီး ငွေကြေးတောင်းခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024