စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ လဘို့ရွာအရှေ့ဘက် ကေဘယ်လ်စခန်းကို PDF ပူးပေါင်းအဖွဲ့တွေက နိုဝင်ဘာ ၂၂ ရက်နေ့မှာ သိမ်းယူခဲ့ပြီး နိုဝင်ဘာ ၂၃ ရက်နေ့မှာတော့ ယာကြီးနဲ့ လဘို့ရွာကြားက ဆက်သွယ်ရေးတာဝါတိုင်စခန်းကို အပြီးသတ်သိမ်းယူဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
PDF တွေသိမ်းယူနေတဲ့ တာဝါတိုင်စခန်းနဲ့ ကေဘယ်လ်စခန်းတို့ဟာ မင်းကင်း- ကနီ- နယ်စပ်မှာရှိပြီး စစ်ကောင်စီရဲ့ဆက်သွယ်ရေးအတွက်အရေးပါတဲ့ တာဝါတိုင်တွေ အခြေစိုက်ရာဖြစ်တဲ့အတွက် PDF တွေက သိမ်းယူဖို့ကြိုးစားနေတာဖြစ်ပါတယ်။
ကနီ PDF တပ်ဖွဲ့မှ ဗိုလ်နှုတ်ခမ်းမွှေးက "မနေ့က လေယာဉ်နဲ့မို့လို့ ဆုတ်ခဲ့ရတယ်။ ဒီနေ့ကတော့ အပြီးအပိုင်သိမ်းတာပေါ့။ မနေ့က တာဝါတိုင်စခန်းသိမ်းနိုင်ခဲ့တာ ၁၀ နာရီခွဲလောက်မှာ။ စစ်(-) သေတာကတော့ ၄၀ ကျော် ၅၀ လောက်ရှိမယ်။ ဒီနေ့ကတော့ အထိအခိုက်မရှိဘူး။ မနေ့ကတော့ ၂ ယောက်ပေးဆပ်လိုက်ရတာပေါ့။ ၁၇ ယောက်လောက်ဒဏ်ရာရတယ်။ တော်တော်ခက်ခက်ခဲခဲ သိမ်းလိုက်ရတယ်။ ဒီကောင်တွေက တော်တော်ခိုင်ခိုင်မာမာလုပ်ထားတာ၊ အောက်က မြေအောက်ခန်းတွေရော ခိုင်ခိုင်မာမာလုပ်ထားတာ။ မနေ့က ကျနော်တို့ ဘန်ကာတွေ အကုန်လုံးသိမ်းမိတယ်ဗျာ။ မြေအောက် အခေါင်းတွေကို ဝင်သိမ်းမလို့ သူတို့က လေယာဉ်နဲ့ပစ်လို့မို့လို့ ကျနော်တို့ ပြန်ဆုတ်ခဲ့ရတယ်”လို့ ပြောပါတယ်။
နိုဝင်ဘာ ၂၁ ရက် မနက်အစောပိုင်းမှာ ရွှေဘိုခရိုင်၊ ဝက်လက်နယ် အနောက်တောင်ဘက် ရွှေပန်းကုန်းရွာနယ်မြေရဲစခန်းကို PDF တွေက တိုက်ခိုက်သိမ်းယူခဲ့ပြီး စခန်းကို သိမ်းယူနိုင်ခဲ့တယ်လို့ PDF တပ်ဖွဲ့နဲ့ နီးစပ်သူတွေကပြောပါတယ်။
ဝက်လက်နယ်ကို စစ်ကောင်စီက ဘက်ပေါင်းစုံကနေ ပိတ်ဆို့ထားခဲ့ပြီး ရထားလမ်း ပြန်ပြေးဆွဲနိုင်ဖို့ကြိုးစားနေခဲ့တာပါ။ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ထိုးစစ်နဲ့အတူ စစ်ကိုင်းတိုင်းက PDF တွေအားလုံး ထကြွလာချိန်မှာတော့ စစ်ကောင်စီက မထိန်းသိမ်းနိုင်တော့ဘဲ သူတို့ရဲ့စခန်းတွေကို လက်လွှတ်နေရတာဖြစ်ပါတယ်။
ဝက်လက် PDF နဲ့ နီးစပ်သူတဦးက "ဝက်လက်မြို့နယ် တပ်ရင်း ၁ ကနေမှ နိုဝင်ဘာ ၂၁ ရက် မနက်ခင်း ၃ နာရီခွဲဝန်းကျင်လောက်မှာ စပြီးဝင်တယ်။ သိပ်မကြာလိုက်ဘူး တိုက်ပွဲက ၄၅ မိနစ်ဝန်းကျင်လောက်ပဲကြာတယ်။ စခန်းကို သိမ်းနိုင်ခဲ့တယ်ပေါ့။ ကျနော်တို့ဘက်က အထိအခိုက်လည်းရှိခဲ့တယ်ပေါ့။ အကျအဆုံး ရဲဘော်တယောက်၊ ဒဏ်ရာရတာက ၁၈ ယောက်၊ မစိုးရိမ်ရပါဘူး။ စစ်(-) တွေကတော့ သေတာက ၉ ကောင်သေတာ။ အရှင်ဖမ်းမိတာက ၆ ကောင်၊ ကျန်တဲ့ထွက်ပြေးသွားတာတွေတော့ လိုက်နေတုန်းပေါ့”လို့ ပြောပါတယ်။
နိုဝင်ဘာ ၂၂ ရက်က တန့်ဆည်မြို့ပေါ် ထွေအုပ်ရုံး၊ ဆေးရုံ၊ ဝန်ထမ်းအိမ်ရာ၊ စာသင်ကျောင်းတွေက စကစတပ်စွဲထားတဲ့နေရာတွေကို PDF တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် PDF တွေဘက်က တယောက်ကျဆုံးပြီး စစ်ကောင်စီဘက်က သေဆုံးမှုကိုတော့ အတည်မပြုနိုင်သေးပါဘူး။
တန့်ဆည် PDF နဲ့ နီးစပ်သူတဦးက "တန့်ဆည်က ညက စခန်းသိမ်းဆိုပြီးတော့ မြို့ပေါ်ဝင်တာလေ။ ထွေအုပ်ရုံးရယ် ဆေးရုံရယ် ဝန်ထမ်းအိမ်ရာရယ် စာသင်ကျောင်းရယ် တိုက်ပွဲဖြစ်တာ၊ စစ် (-) တွေကထွက်ပြေးပြီး စခန်းနဲ့ဘောလုံးကွင်းပေါင်းသွားတာ။ ၁၂ နာရီထိုးလောက်ကဖြစ်တာ ၂ နာရီလောက်တော့ကြာမယ်။ ရင်း ၉ က တယောက်ကျတယ်။ ၂၅ က တယောက် ပေါင်ကို ရှပ်ပွတ်လေးမှန်တယ်”လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်း နေရာတော်တော်များများက စစ်ကောင်စီအခြေစိုက်စခန်းတွေကို PDF တွေက ဆက်တိုက် သိမ်းယူဖို့ ကြိုးစားနေပေမဲ့ စစ်ကောင်စီက လေကြောင်းပစ်ကူတွေသုံးနေတာကြောင့် ထင်သလောက်ခရီးမပေါက်နိုင် ဖြစ်နေတာပါ။
စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်၊ ကသာ၊ ဝန်းသို၊ ကလေး စတဲ့မြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီက အင်တာနက်နဲ့ ဖုန်းလိုင်းတွေကို ဖြတ်တောက်ထားပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သုတချမ်းသာ