တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ စစ်ကောင်စီရေတပ်ရဲ့ တပ်ကြပ်ကြီးတဦး ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်းထံ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁) တပ်ရင်းဆီက သိရပါတယ်။
အလင်းဝင်လာတဲ့ တပ်ကြပ်ကြီး အသက် ၂၃နှစ်အရွယ် ကိုအောင်ကျော်မျိုးဟာ ရန်ကုန်တိုင်း၊ သန်လျင်မြို့အခြေစိုက် လွန်းကျင်းဌာန၊ ရေတပ်သင်္ဘောကျင်းဌာနချုပ်(သီလဝါ)မှ ဖြစ်ပြီး နိုဝင်ဘာ ၂၀ ရက်နေ့မှာ မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်းထံ ရောက်ရှိခဲ့တာလို့ သိရပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီဘက်က မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ပြည်သူလူထုကို လက်နက်နဲ့ ရိုက်နှက်၊ ဖမ်းဆီး၊ ထောင်ချတာတွေ မကြိုက်တာကြောင့် အလင်းဝင်လာတာလို့ ဆိုပါတယ်။
“ခွင့်ရက်ယူပြီး အလင်းဝင်လာတယ်ဆိုတော့ လက်နက်တွေမပါပါဘူး။ စကစဘက်က တပ်သားတွေလည်း အမြင်မှန်ရပြီး အလင်းဝင်ဖို့ ကျနော့်အနေနဲ့ တိုက်တွန်းချင်ပါတယ်။ စကစ ရဲ့ တပ်သားတွေအပြင် ရဲနဲ့ တခြားဝန်ထမ်းတွေ အလင်းဝင်မယ်ဆိုရင် ကျနော်တို့ဘက်က အမြဲတမ်းကြိုဆိုနေမှာပါ။ အလင်းဝင်လာသူတွေရဲ့ လုံခြုံရေးကိုလည်း အပြည့်အဝ တာဝန်ယူပေးပါမယ်” လို့ မြိတ်ခရိုင်၊ အမှတ် (၁) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ပြောပါတယ်။
အဆိုပါအလင်းဝင်လာသူကို ပြည်သူ့ရင်ခွင်အဖွဲ့နဲ့ ချိတ်ဆက်ပေးထားပြီး ဘေးကင်းလုံခြုံစွာ ရှိနေတယ်လို့ သူက ဒီဗွီဘီကို ဆက်ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်းထံ အလင်းဝင်လာသူတွေထဲမှာ စစ်ကောင်စီရေတပ်က တပ်ကြပ်ကြီးတဦးအပါအဝင် စစ်ကောင်စီရဲ့ ခလရ (၁၇) က တပ်သားတဦးနဲ့ ခလရ (၁၀၃) က တပ်ကြပ်ကြီးတဦး၊ စုစုပေါင်း ၃ ဦးအထိရှိတယ်လို့ သိရပါတယ်။