ရခိုင်ပြည်နယ် မင်းပြားနဲ့ မြောက်ဦးမြို့နယ်တွေမှာ နိုဝင်ဘာ ၂၂ ရက်က စစ်ကောင်စီတပ်သားတွေ ရမ်းကားပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၁ ယောက်သေဆုံးကာ ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မင်းပြားမြို့ တောင်မော်ဦးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ နိုဝင်ဘာ ၂၂ ရက် နေ့လယ်ပိုင်းမှာ လက်နက်ငယ်တွေနဲ့ ရမ်းကားပစ်ခတ်ခဲ့တာကြောင့် ကြပ်စင်တံတားအောင်က ဟင်းသီးဟင်းရွက်စိုက်ခင်းကို သွားတဲ့ အမျိုးသားတယောက် ကျည်ဆန်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ မင်းပြားမြို့ ဒေသခံတယောက်က ဒီဗွီဘီ ကို ပြောပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့သူကတော့ မင်းပြားမြို့၊ မင်းဘာကြီးရပ်ကွက်က အသက် ၃၉ နှစ်အရွယ် ဦးသိန်းအောင်ဖြစ်ပြီး ညာဘက်လက်မောင်းနဲ့ ညာဘက် ခါးဘေးစပ်မှာ ဒဏ်ရာတွေရရှိခဲ့ကာ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
မြောက်ဦးမြို့နယ်မှာလည်း ကုလားတန်မြစ်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ ဇက်နေဗီက နိုဝင်ဘာ ၂၂ ရက် ည ၇ နာရီလောက်မှာ လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ်ခဲ့တာကြောင့် လေညှင်းသာကျေးရွာက အသက် ၅၉ နှစ်အရွယ် ဦးကျော်သာရဲ့ ဦးခေါင်းကို လက်နက်ကြီးကျည်ထိမှန်ကာ သေဆုံးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
ရသေ့တောင်မြို့နယ်မှာလည်း နိုဝင်ဘာ ၂၂ ရက် မနက် ၉ နာရီလောက်က စစ်ကောင်စီရဲ ရေစိုးချောင်းဗျူဟာက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်ခဲ့တာကြောင့် င/စံဘော်ရွာထဲကို လက်နက်ကြီးကျည် ၄ လုံးကျရောက်ပေါက်ကွဲကာ အမျိုးသားတယောက် ဒဏ်ရာရှိခဲ့တယ်လို့ ရသေ့တောင်မြို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ ပြီး နေအိမ်တချို့ ထိခိုက်ပျက်စီးကာ အသက် ၄၈ နှစ်အရွယ် ဦးကျော်သန်းမောင်ရဲ့ ခြေထောက်မှာ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူတွေ စက်လှေတွေနဲ့ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ပြောပါတယ်။
ရသေ့တောင်မြို့နယ်မှာ နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်ကာ ရက္ခိုင့်တပ်တော်အေအေက စစ်ကောင်စီရဲ့ရဲစခန်းနဲ့ နယ်ခြားစောင့်စခန်း ၂ ခုကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၁၄ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော်အေအေက ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ နိုဝင်ဘာ ၁၃ ရက်နေ့ မနက်က တကျော့ပြန်တိုက်ပွဲတွေ ပြန်လည် စတင်ပြီးနောက်ပိုင်း ရသေ့တောင်၊ စစ်တွေ၊ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းမြို့တို့ရှိ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ နေ့ရောညပါ ရမ်းကားပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ နိုဝင်ဘာ ၂၂ ရက်နေ့ညက ရဲတပ်ရင်း ၁၂ မှာ ထိုင်ထားတဲ့ လက်နက်ကြီးပြောင်း ကွဲသွားတာကြောင့် ၂ ယောက်သေဆုံးပြီး ၆ ယောက် ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တွေမြို့နယ် ရဲတပ်ရင်း ၁၂ ကနေ ပေါက်တောမြို့ဘက်ကို ပစ်ကူပေးနေတဲ့ လက်နက်ကြီးဟာ နိုဝင်ဘာလ ၂၂ ရက်နေ့ ည ၈ နာရီ ၁၄မိနစ်မှာ ပြောင်းကွဲသွားခဲ့တယ်လို့ စစ်တွေမြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
အဲဒီဖြစ်စဥ်အတွင်းမှာ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးကာ ၆ ယောက်ဒဏ်ရာရရှိခဲ့ပြီး စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေရတယ်လို့ ဆေးရုံနဲ့နီးစပ်တဲ့ အသိုက်အဝန်းက သိရတယ်လို့ ဆိုပါတယ်။
အဲဒီရဲတပ်ရင်း ၁၂ က စစ်ကောင်စီတပ်သားတွေဟာ နိုဝင်ဘာ ၂၁ ရက်နေ့မှာ ရက္ခိုင့်တပ်တော်အေအေက ပေါက်တော်မြို့က စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်တဲ့ အချိန်ကစလို့ လက်နက်ကြီးပစ်ကူ ဆက်တိုက်ပေးခဲ့တာလို့ ပြောပါတယ်။
ရဲတပ်ရင်း ၁၂ ကနေ ပေါက်တောမြို့ဘက်ကို ၅ မိနစ်ခြား တကြိမ်လောက် ပစ်ခတ်တာဖြစ်ပြီး နိုဝင်ဘာလ ၂၂ ရက်နေ့ ည ၈ နာရီလောက်မှာတော့ လက်နက်ကြီး ၂ လုံးပစ်ပြီးရပ်တန့်သွားကာ စစ်တွေ ရွှေမင်းဂံဆိပ်ကမ်းဘက်က ဇက်နေဗီကတော့ ပေါက်တောမြို့ဘက်ကို လှည့်ပြီး လက်နက်ကြီး ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
ပေါက်တောမြို့ကို နိုဝင်ဘာ ၂၂ ရက်နေ့မနက်ကနေ ညနေအထိ စစ်ကောင်စီဘက်က ရေကြောင်း၊ လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။