ကယားပြည်နယ်နဲ့ နယ်စပ်ချင်းကပ်နေတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း၊ မယ်ဟောင်ဆောင်ခရိုင်ထဲမှာ အရပ်သားအယောင်ဆောင်ပြီး ထွက်ပြေး တိမ်းရှောင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ဖမ်းဆီးခံရတယ်လို့ Cm Thai news သတင်းမှာ ဖော်ပြပါတယ်။
နိုဝင်ဘာ ၂၁ ရက်က မယ်ဟောင်ဆောင်မြို့နယ်၊ မောက်ကျမ်ပယ်အုပ်စု၊ ပါပက်ကျေးရွာအနီး မြန်မာနယ်စပ်နဲ့ ၈ ကီလိုမီတာလောက်ဝေးတဲ့နေရာမှာ မသင်္ကာစရာ လူစိမ်း ၂ ယောက် ရောက်ရှိနေကြောင်း ရွာသားတွေက သတင်းပေးတဲ့အတွက် ပါပက်ရွာသူကြီးနဲ့ ကျေးရွာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်ဖမ်းဆီးခဲ့တာပါ။
သူတို့ ၂ ဦးဟာ အသာတကြည် အဖမ်းခံခဲ့ပြီး မြန်မာစကား တစ်မျိုးပဲ ပြောတတ်ကြောင်း၊ ရွာသူကြီးက မြို့နယ်အုပ်ချုပ်ရေးရုံးကို လာရောက်အပ်နှံကာ မြို့နယ်ရုံး တာဝန်ရှိသူနဲ့ မောက်ကျမ်ပယ်နယ်မြေရဲတပ်ဖွဲ့က ဘာသာပြန်နဲ့ စစ်ဆေးမေးမြန်းခဲ့ပါတယ်။
စစ်ဆေးချက်အရ သူတို့ နှစ်ဦးဟာ ဇော်မိုး (၃၁ နှစ်) နဲ့ သန်းထိုက် (၂၄ နှစ်) တို့ဖြစ်ပြီး ခမရ ၅၁၉ က မြန်မာစစ်သားတွေဖြစ်ကြောင်း၊ မယ်ဟောင်ဆောင်မြို့နယ် ပန်မူကျေးရွာအုပ်စုနဲ့ မျက်နှာချင်းဆိုင် ဒွိုင်ဆိုင်တပ်စခန်းကလို့ ဆိုပါတယ်။
လက်ရှိအခြေအနေမှာ ကေအန်ယူက မြန်မာတပ်စခန်းတွေ တိုက်ခိုက်သိမ်းယူနေသလို ကယားပြည်နယ်ဘက်မှာလည်း မြန်မာစစ်ကောင်စီတပ်စခန်း ၁၇ ခု သိမ်းပိုက်ခံထားရတာကြောင့် သူတို့စခန်းလည်း တိုက်ခိုက်သိမ်းပိုက်ခံရဖွယ်ရှိနေတယ်လို့ ထွက်ဆိုပါတယ်။
ဒါကြောင့် အရပ်ဝတ်နဲ့ ခြေကျင်လျှောက်ပြီး တောလမ်းကနေ ထွက်ပြေးလာကြောင်း၊ ရွာတစ်ရွာကို ရောက်လာတဲ့အခါ လုံခြုံရေးအဖွဲ့ဝင်တွေနဲ့ တိုးမိပြီး အဖမ်းခံရတာလို့ ဆိုပါတယ်။
သူတို့ကို ထိုင်းစစ်တပ် နရဲဆွန်စစ်ကြောင်းတာဝန်ရှိသူတွေက ဆက်လက်စစ်ဆေးနေပြီး လိုအပ်သလို အရေးယူသွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Source: Cm Thai news