အာဂျင်တီးနားအသင်းနဲ့ အနာဂတ်ကိစ္စအပေါ် ပြန်လည်သုံးသပ်သွားမယ်လို့ နည်းပြစကယ်လိုနီ က ပြောသွားပါတယ်။
၂၀၁၈ ခုနှစ်ကတည်းက စတင်တာဝန်ယူခဲ့သူ စကယ်လိုနီဟာ ၂၀၂၂ ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ခြေစွမ်းကောင်းကို ဆက်ထိန်းနိုင်ခဲ့ပြီး ၆ ပွဲ ကစားအပြီးမှာ အဆင့်တစ်နေရာမှာ ရပ်တည်နေပါတယ်။
ပြိုင်ဘက်ဘရာဇီးကို အဝေးကွင်းမှာ အနိုင်ယူခဲ့ပေမဲ့လည်း အသင်းနဲ့အနာဂတ်ကိစ္စပြန်လည် သုံးသပ်သွားမယ်လို့ စကယ်လိုနီကဆိုပါတယ်။
နည်းပြ စကယ်လိုနီက “ကျနော်ဆက်လက်လုပ်ဆောင်သွားမယ့်ကိစ္စအပေါ် အများကြီးပြန်လည်သုံးသပ်ဖို့ လိုအပ်ပါတယ်။ နှုတ်ဆက်စကားပြောတာမဟုတ်ပေမဲ့ နိုင်ပွဲတွေချည်းအမြဲတမ်းမရနိုင်တဲ့အတွက် အနာဂတ်ကိစ္စအပေါ် စဉ်းစားသွားဖို့လိုပါတယ်”လို့ ပြောပါတယ်။
အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ တာပီယာကတော့ လက်ရွေးစင်နည်းပြတစ်ဦးဟာ ကစားသမားတွေအတွက် စိတ်ဓာတ်လှုံ့ဆော်မှုပေးနိုင်ဖို့လိုကြောင်း ပြောခဲ့ဖူးပါတယ်။
Photo - Reuters