Home
မြန်မာသတင်း
အလုပ်သမားခေါင်းဆောင် ကိုသက်နှင်းအောင်အား စစ်ကောင်စီက ထောင်ဒဏ်ထပ်ချမှုကို အီးယူဝေဖန်
DVB
·
November 22, 2023
ko thet win aung_22112023

အလုပ်သမားခေါင်းဆောင် ကိုသက်နှင်းအောင်ကို စစ်ထောင်စီက အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၇ ထပ်ချလိုက်တာဟာ မဖြစ်သင့်တဲ့လုပ်ရပ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးက ​ကြေညာချက်ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံ စက်မှုလက်မှုလုပ်ငန်းနဲ့ ဝန်ဆောင်မှု-ကုန်သွယ်မှု သမဂ္ဂအဖွဲ့ချုပ် (MICS-TUsF) ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်တဲ့ ကိုသက်နှင်းအောင်ကို  အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ စစ်ခုံရုံးက နိုဝင်ဘာ ၁၅ ရက်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ပြီးတဲ့နောက် အီးယူသံရုံးကနေ ကြေညာချက်ထုတ်လိုက်တာဖြစ်ပါတယ်။

ကိုသက်နှင်းအောင်အမှု ကြားနာရာမှာ မှန်ကန်တဲ့ဥပေဒ လုပ်ထုံးလုပ်နည်းတွေ၊ လိုအပ်တဲ့ ဥပဒေရေးရာအာမခံမှုတွေ၊ နိုင်ငံတကာဥပဒေလွှမ်းခြုံမှုအောက်ရှိ နိုင်ငံတွေရဲ့ တာဝန်တွေကို လေးစားမှုမရှိဘဲ ဆောင်ရွက်ခဲ့တာလို့ အီးယူသံရုံးက ဝေဖန်ပါတယ်။

ကိုသက်နှင်းအောင်အမှုကို အိုင်အယ်လ်အို အထူးစုံစမ်းစစ်ဆေးရေးကော်မရှင် (ILO Commission of Inquiry (CoI) ဆီ လွှဲပြောင်းပေးခဲ့ပြီး Commission of Inquiry က ကိုသက်နှင်းအောင်ရဲ့ အာဏာသိမ်းပြီးနောက် လုပ်ဆောင်ချက်တွေဟာ တရားဝင်အလုပ်သမားသမဂ္ဂရဲ့ ဆောင်ရွက်ချက်ဖြစ်တာကြောင့် သူ့ကို ဖမ်းဆီးဖို့ အကြောင်းရင်း မဖြစ်သင့်ကြောင်း ဆုံးဖြတ်ခဲ့ထားပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ILO အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်က မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အစီရင်ခံစာကို အောက်တိုဘာလမှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး အစီရင်ခံစာထွက်ပြီး တလကျော်အကြာမှာပဲ ကိုသက်နှင်းအောင်ကို စစ်ကောင်စီက နောက်ထပ် ထောင်ဒဏ်ချမှတ်ခဲ့တာပါ။

အီးယူသံရုံးက အာဏာသိမ်းပြီးကတည်းက အဖမ်းခံနေရတဲ့ ကိုသက်နှင်းအောင်နဲ့ တခြားအလုပ်သမားအခွင့်အရေး လှုပ်ရှားဆောင်ရွက်သူတွေ အားလုံးကို ပြန်လွှတ်ဖို့၊  လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခြင်းနဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်းဆိုတဲ့ မွေးရာပါ အခွင့်အရေးတွေကို ငြိမ်းချမ်းစွာ ကျင့်သုံးနေသူအားလုံးကို ခြိမ်းခြောက်ဖမ်းဆီးမှုတွေ ရပ်တန့် အဆုံးသတ်ဖို့  တောင်းဆိုကြောင်း ထည်သွင်းထုတ်ပြန်ထားပါတယ်။

ကိုသက်နှင်းအောင်နဲ့ တခြား အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေ၊ အလုပ်သမားအခွင့်အရေး လှုပ်ရှားဆောင်ရွက်သူတွေ အားလုံးကို ပြန်လွှတ်ခြင်းဟာ အလုပ်သမားအခွင့်အရေးတွေ ပြည့်ဝတဲ့ ဝန်းကျင်ကို ဖန်တီးဖို့နဲ့ ဥရောပသမဂ္ဂ အမှတ်တံဆိပ်ထုတ်ကုန်တွေရဲ့ ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေမှာ လိုအပ်တဲ့ တင်းကျပ်တဲ့ လူ့အခွင့်အရေးစံနှုန်းတွေကို ကျင့်သုံးဖို့အတွက် လမ်းဖွင့်ပေးဖို့ မဖြစ်မနေ ဆောင်ရွက်ရမယ့် ခြေလှမ်းတွေဖြစ်တယ်လို့လည်း အသိပေးဖော်ပြထားပါတယ်။

အလုပ်သမားသမဂ္ဂခေါင်းဆောင်တဦးက "ထုတ်ပြန်ချက်အရ တောင်းဆိုချက်တွေကို လိုက်နာမှုမရှိရင် အီးယူရဲ့ အရေးယူမှုတွေထပ်လာမယ်၊ အထူးသဖြင့် ထုတ်ကုန်အပ်နှံမူတွေ ရုပ်သိမ်းတာမျိုးတွေ ရှိလာမယ်လို့ သတိပေးလိုက်တဲ့သဘောလို့မြင်တယ်" လို့ သုံးသပ်ပါတယ်။

ကိုသက်နှင်းအောင်ဟာ လုံခြုံရေးအရ တိမ်းရှောင်နေစဥ် ၂၀၂၁ ခု နှစ်လယ်ပိုင်းက စစ်ကောင်စီရဲ့ ဖမ်းဆီးခံရပြီး ၂၀၂၂ ဒီဇင်ဘာမှာ ၁၇ (၁) ပုဒ်မနဲ့ ထောင်ဒဏ် ၂ နှစ်နဲ့ ငွေဒဏ်ကျပ်နှစ်သောင်း ချမှတ်ခံရပါတယ်။

အဲဒီထောင်ဒဏ်ဟာ ဒီနှစ်ဇွန်လမှာ စေ့ခဲ့ပေမယ့် ပြန်မလွှတ်ပေးဘဲ ဆက်ထိန်းသိမ်းထားကာ နိုဝင်ဘာ ၁၅ ရက်က နောက်ထပ် ထောင်ဒဏ်ချခံရတာလည်းဖြစ်ပါတယ်။

ကိုသက်နှင်းအောင်အနေနဲ့ စစ်ကောင်စီက စွပ်စွဲတဲ့ ပြစ်မှုတွေ ကျူးလွန်တာမရှိဘဲ တဖက်သတ် ဖမ်းဆီးထောင်ချခံရတာလို့ MICS-TUsF ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

လက်ရှိမှာ ကိုသက်နှင်းအောင်အပါအဝင် အလုပ်သမားသမဂ္ဂဝင်နဲ့ အလုပ်သမားအရေးလှုပ်ရှားသူ ၂၀၀ နီးပါး စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ အလုပ်သမားအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီလို မတရားဖမ်းဆီးထားတဲ့ အလုပ်သမားသမဂ္ဂဝင်တွေကို ပြန်လွှတ်ပေးဖို့ ILO အပါအဝင် နိုင်ငံတကာ အလုပ်သမားအဖွဲ့တွေကလည်း ကြေညာချက် အသီးသီးထုတ်ပြန် တောင်းဆိုထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013