ရန်ကုန်၊ သုဝဏ္ဏအားကစားကွင်းမှာ မြောက်ကိုရီးယားအသင်းနဲ့ မြန်မာလက်ရွေးစင် ဘောလုံးအသင်းတို့ဟာ နိုဝင်ဘာလ ၂၁ ရက် ညနေ ၄ နာရီမှာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန် ဒုတိယအဆင့် အုပ်စုတွင်း ဒုတိယမြောက် ပွဲစဉ်ကို ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။
အဆိုပါ ပွဲစဉ်မှာ အိမ်ရှင်မြန်မာအသင်းက အဖြူရောင်ဂျာစီ၊ မြောက်ကိုရီးယားအသင်းက အနီရောင်ဂျာစီတို့ကို ဝတ်ဆင်ပွဲထွက်ခဲ့ကြပြီး မြန်မာအသင်းက ကွင်းရဲ့ ညာဘက်နဲ့ မြောက်ကိုရီးယားအသင်းက ကွင်းရဲ့ဘယ်ဘက်မှာ နေရာယူ ကစားခဲ့ကြပါတယ်။
ဒီပွဲကို ရန်ကုန်မြို့နေ မြန်မာဘောလုံးပရိတ်သတ်တွေ လာရောက်ကြည့်ရှုမှု များပြားခဲ့သလို စစ်ကောင်စီရဲနဲ့ စစ်သားတွေက လုံခြုံရေးတင်းကျပ်ခဲ့တဲ့အပြင် ပွဲစပြီး ၁၅ မိနစ်ကျော်တဲ့အထိ လက်မှတ်ဝယ်ယူမရတာနဲ့ လက်မှတ်ရပြီး ဝင်ခွင့်မရသူတွေ ရှိခဲ့ကာ ကွင်းအတွင်း အရပ်ဝတ်၊ ယူနီဖောင်းဝတ်ရဲနဲ့ လုံခြုံရေးတွေ နေရာယူထားခဲ့ပါတယ်။
ပွဲမစခင်ရက်ပိုင်းက ပွဲကြိုသတင်းစာရှင်းပွဲမှာ မြန်မာအသင်းအနေနဲ့ အမှတ်ရအောင် ကစားသွားမယ်လို့ နည်းပြချုပ်ဖြစ်သူက ကြိုတင်ပြောကြားခဲ့ပေမဲ့ လက်တွေ့ကွင်းထဲမှာတော့ ပွဲစစချင်းကတည်းက မြောက်ကိုရီးယား ကစားသမားတွေက ဘောလုံးပိုင်ဆိုင်မှု ခပ်များများနဲ့ မြန်မာအသင်းကို ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။
ဂျပန်အသင်းကို ၅ ဂိုးပြတ်နဲ့ ရှုံးနိမ့်ထားတဲ့ မြန်မာအသင်းအတွက် မြောက်ကိုရီးယားကို အနိုင်ရစေချင်လို့ လာရောက်အားပေးပေမဲ့ ထင်သလို ဖြစ်မလာဘူးလို့ မြန်မာအသင်းပရိသတ်တဦးက ပြောပါတယ်။
မြန်မာအသင်းကို လာရောက်အားပေးသူ ပရိသတ်တဦးက “ဘာလို့ လာကြည့်ချင်တာလဲဆို ကိုယ့်မြန်မာအသင်းကို အားပေးချင်တာပါ။ ဂျပန်နဲ့ ပွဲတုန်းကလည်း ရှုံးခဲ့တဲ့အတွက် ဒီပွဲကို နိုင်စေချင်တယ်။ ဒါပေမဲ့ ကိုယ် မျှော်လင့်သလို ဖြစ်မလာဘူး။ နောက်မှ ဝင်လာတဲ့ သန်းပိုင်လည်း ကောင်းပါတယ်။ စိတ်တော့ မကောင်းဘူး။ ရင်ထဲလည်း မကောင်းဘူး။ ကြိုးစားဖို့တော့ တော်တော်လေးလိုပါတယ်။ သူတို့ ကစားပုံကစားနည်းတွေ ဘောလုံးထိန်းနည်းကအစ တော်တော်လေးကို ပြောင်းလဲမှ အဆင်ပြေမှာ မပြောင်းလဲရင် မပြေဘူး” လို့ ဆိုပါတယ်။
အခုလို မြောက်ကိုရီးယားအသင်း မြန်မာအိမ်ကွင်းမှာ လာရောက်ဆော့ကစားတဲ့ ရှားရှားပါးပါး ပွဲစဉ်ကို ပရိသတ်တွေ စိတ်ဝင်စား အားပေးမှု မြင့်တက်ခဲ့ပြီး ထိုင်ခုံ ၃၂,၀၀၀ ဆံ့ သုဝဏ္ဏကွင်းထဲမှာ ပရိသတ် သောင်းဂဏန်းနီးပါး ပြည့်နှက်နေခဲ့ပါတယ်။
လာကြည့်သူတွေထဲမှာ မြန်မာအသင်း ရှုံးနိုင်ခြေရှိတာကို ကြိုခန့်မှန်းထားကြပေမဲ့ အနာဂတ်မှာ တိုးတက်လာဖို့ လာအားပေးနေတဲ့ ပရိသတ်တွေလည်း ပါဝင်နေပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်က မြန်မာအသင်းပရိသတ် “မြန်မာအသင်းကို ပွဲမကြည့်တာ ကြာလို့ လာကြည့်တယ်။ သူတို့က အများကြီး လိုအပ်ပါတယ်။ နိုင်ငံပွဲတွေဆို လာကြည့်ဖြစ်ပါတယ်။ ပွဲကတော့ သူတို့က အားချင်းကလည်း မယှဉ်နိုင်ဘူး။ လက်ရှိကတော့ ၆ ဂိုး ၁ ဂိုးဖြစ်နေပြီ။ ထပြန်တာကတော့ အိမ်ပြန်နောက်ကျမှာစိုးလို့။ မြန်မာအသင်းကတော့ ရှုံးမယ်ဆိုတာ သိပြီးသား။ ဆက်ကြိုးစားဖို့ပါ။ နောက်ပိုင်းနိုင်ငံ ကောင်းလာရင်တော့ ဆက်ပြီးတော့ တိုးတက်ဖို့ပါ” လို့ ဆိုပါတယ်။
မြန်မာပရိသတ် လာရောက်အားပေးမှုများပြားခဲ့ပေမဲ့ မြန်မာလက်ရွေးစင်အသင်း အားကစားသမားတွေ အချင်းချင်း ကစားဟန် အချိတ်အဆက်မရှိတာကို တွေ့ရပြီး ပထမပိုင်းမှာ ၄၅ မိနစ်အတွင်း မြောက်ကိုရီးယားအသင်း တိုက်စစ်မှူးတွေရဲ့ အလွတ်သွင်းဂိုး ၂ ဂိုးနဲ့ ပင်နတီသွင်းဂိုးတွေ ပေးခဲ့ရကာ ၃ ဂိုး ဂိုးမရှိတဲ့ ပထမပိုင်း ပြီးဆုံးခဲ့ပါတယ်။
အားကစားကွင်းဝန်ထမ်းတဦးက “ မြောက်ကိုရီးယားဘက်က ဘယ်လိုပဲဖြစ်ဖြစ် ကြိုးစားမှုက ပိုပြီးသာနေတာ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရဲ့မြန်မာအသင်းအတွက်တော့ ၁ ဂိုး ရလည်း ပျော်ရွှင်မှု ပီတိကတော့ ရတာပဲ။ ဘောလုံးမှာ ကစားရင် အနိုင်ရယ်၊ အရှုံးရယ်၊ သရေရယ်တော့ ရှိပေမဲ့ ကိုယ့်မြန်မာအသင်းကပဲ နိုင်စေချင်တာပေါ့” လို့ ဆိုပါတယ်။
မြန်မာအသင်းရဲ့ ကစားပုံတွေကြောင့် ပထမပိုင်းနားချိန်ကတည်းက မြန်မာပရိသတ်တချို့ ကွင်းအတွင်းကနေ ပြန်ကုန်ကြပြီး ဒုတိယပိုင်း နောက်ထပ် ဂိုးတွေ ထပ်ပေးရချိန်မှာ ပရိသတ်ထောင်ကျော် ထပြန်ကုန်ကြပါတယ်။
ပွဲမပြီးခင် ထပြန်ခဲ့တဲ့ မြန်မာအသင်းပရိသတ် “လက်ရွေးစင်အသင်းမှာ ထုတ်သင့်တဲ့သူတွေ ရှိတယ်။ လက်ရွေးစင်လို့သာ အမည်ခံထားတာ၊ တကယ် မထိုက်တန်တဲ့သူတွေ အများကြီးပါတယ်။ တကယ် အသုံးမကျတဲ့သူတွေပါတယ်။ ရပ်ကွက်ပွဲကန်တာကမှ သူတို့ထက် ကြည့်ကောင်းအုံးမယ်”လို့ ဆိုပါတယ်။
လူစားထိုးဝင်လာတဲ့ မြန်မာအသင်းတိုက်စစ်မှူး ဝင်းနိုင်ထွန်းရဲ့ ကန်ချက်ကနေ ဒုတိယပိုင်းပွဲချိန် ၇၆ မိနစ်ကျော်မှာ မြန်မာအသင်းချေပဂိုး ၁ ဂိုး ရရှိခဲ့ပြီး ပွဲပြီးဆုံးချိန်မှာ မြောက်ကိုရီးယား ၆ ဂိုး - အိမ်ရှင် မြန်မာအသင်းက ၁ ဂိုး ရရှိကာ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။
ဂိုးပြတ်ရှုံးနိမ့်ခဲ့ပေမဲ့ ကွင်းအတွင်း လမ်းဘေးဈေးသည်တွေမှာတော့ ပွဲကြည့်သူများတဲ့အတွက် ဈေးပိုရောင်းကောင်းခဲ့တယ်လို့ သိရပါတယ်။
ဈေးသည်တဦးက“ ဈေးကတော့ ရောင်းရပါတယ်။ လူပိုစည်တဲ့အတွက် ပိုရောင်းကောင်းတယ်။ သုံးသောင်း လေးသောင်းကနေ ငါးသောင်းလောက်အထိ ရတယ်။ ပရိသတ်အားပေးမှု ရှိတယ်။ မြောက်ကိုရီးယားနဲ့က ခြေကတော့ ကွာတဲ့အတွက် ပြောလို့တော့ မရဘူး”လို့ ဆိုပါတယ်။
ဂျပန်နဲ့ မြောက်ကိုရီးယားအသင်းကို ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ မြန်မာဘောလုံးအသင်းဟာ မြောက်ကိုရီးယားကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားတဲ့ ဆီးရီးယားဘောလုံးအသင်းနဲ့ သုဝဏ္ဏကွင်းမှာပဲ ၂၀၂၄ မတ်လထဲမှာ ထပ်မံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။