တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာနဲ့ ရေဖြူမြို့နယ် ညင်းထွေးရွာ အကြားမှာ နိုဝင်ဘာ ၁၉ ရက် ညနေ ၄ နာရီဝန်းကျင်လောက်က ရေဖြူမြို့ဘက်ကနေ ထားဝယ်မြို့ဘက်ကို မောင်းလာတဲ့ ISUZU အမျိုးအစား အမည်းရောင်ကားတစ်စီးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ရာမှာ ကားမောင်းသူ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပစ်ခတ်ခံရမှုကြောင့် ယာဥ်မောင်းဖြစ်သူ အသက် ၄၁ နှစ်အရွယ်ရှိ ကိုမင်းအောင် ဦးခေါင်နဲ့ ဝမ်းဗိုက် ဒဏ်ရာရရှိ သေဆုံးခဲ့တာဖြစ်ပြီး ရုပ်အလောင်းကို စစ်တပ်ဆေးရုံကို သယ်ဆောင်သွားပြီးနောက် နိုဝင်ဘာ ၂၀ ရက်မှာ အလောင်းပြန်ရခဲ့တယ်လို့ မိသားစုထံက သိရပါတယ်။
ကိုမင်းအောင် မောင်းနှင်လာတဲ့ မော်တော်ကားကိုတော့ မောင်မယ်ရှောင်ရွာ ဘုရားမဲ စစ်ကောင်စီဂိတ်က သိမ်းထားပါတယ်။
ကိုမင်းအောင်ကို စစ်တပ်က ဘာကြောင့် ပစ်သတ်ခဲ့တာလည်းဆိုတာ မသိရသေးပေမဲ့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ PDF တစ်ဦးကို ကားနဲ့ အတူ အသေပစ်ခတ် ဖမ်းဆီးရမိကြောင်း ဝါဒဖြန့် ဖော်ပြနေပါတယ်။
ကိုမင်းအောင်ရဲ့ မိသားစုနဲ့ မိတ်ဆွေတွေကတော့ ကိုမင်းအောင်ဟာ PDF အဖွဲ့ဝင်တစ်ဦးလည်း မဟုတ်သလို၊ အဆက်အစပ်လည်း မရှိကြောင်းနဲ့ ရေဖြူမြို့နယ်၊ ဧကနိရွာဇာတိဖြစ်ပြီး လက်ရှိတွင် မေတ္တာမြို့နယ်၊ တောင်သုံးလုံးရွာတွင် နေထိုင်ကာ ယာဥ်မောင်းအလုပ် လုပ်နေသူဖြစ်ကြောင်း ပြောပါတယ်။
နိုဝင်ဘာလ ၁၈ ရက်နဲ့ ၁၉ ရက် နှစ်ရက်ဆက် မောင်မယ်ရှောင်ရွာအနီးတဝိုက် ထိတွေ့ပစ်ခတ်မှု နှစ်ကြိမ် ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ယောက်လောက် သေဆုံးသွားတယ်လို့ ထားဝယ် ပကဖ DGRF အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ ၁၉ ရက်က မောင်မယ်ရှောင်ရွာ၊ ရှင်ဓာတ်ဝဲဘုရားအနီး စစ်ကောင်စီတပ် ပစ်ခတ်ခံရပြီးနောက် မောင်မယ်ရှောင်ရွာနဲ့ မီတာ ၅၀၀ အကွာမှာ ကိုမင်းအောင် မောင်းနှင်လာတဲ့ ကားပစ်ခတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ DGRFအဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက “ကျနော်တို့ဆီမှာ အဲဒီကားမျိုးလည်း မရှိဘူးပေါ့။ ပစ်ခတ်ဖမ်းဆီးခံရတာလည်း မရှိဘူး။ အဲဒီပစ်ခတ်ခံရမှုကလည်း ကျနော်တို့ သွားပစ်ပြီး ပြန်လာလို့ တစ်နာရီလောက်ခြားမှ ဖြစ်တာ” လို့ ပြောပါတယ်။
ထားဝယ်ခရိုင်မှာ အခုလိုပဲ စစ်ကောင်စီ တပ်စွဲထားတဲ့ ဂိတ်တွေအနီးမှာ ကားနဲ့ ဆိုင်ကယ်တွေ ပစ်ခတ်ခံရလေ့ရှိပါတယ်။
ထားဝယ် မောင်မယ်ရှောင် ဘုရားမဲ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီက အသင့် ပြင်ဆင်ထားသလို ပြည်သူ့ကာကွယ်ရေးတပ်တွေကလည်း တိုက်ခိုက်ဖို့ အသင့်ပြင်ဆင်ထားတဲ့ အနေအထားမှာရှိတဲ့အတွက် ရေး-ထားဝယ် ကားလမ်းပေါ်ရှိ ထားဝယ်မြို့အဝင် ဘုရားမဲစစ်ဆေးရေးဂိတ်ကို ဖြတ်သန်းသွားလာတဲ့အခါ စစ်ရေးသတိနဲ့ သွားလာကြဖို့ DGRF က သတိပေးထုတ်ပြန်ထားပါတယ်။