Home
မြန်မာသတင်း
အိန္ဒိယနိုင်ငံသားများ မလိုအပ်ဘဲ မြန်မာသို့ ခရီးမသွားရန် သတိပေး
DVB
·
November 22, 2023
PDF_22112023

မဖြစ်မနေကိစ္စမရှိဘဲ မလိုအပ်ပါက မြန်မာနိုင်ငံကို ခရီးသွားလာတာ ရှောင်ကြဉ်ကြဖို့ အိန္ဒိယအစိုးရက သူ့နိုင်ငံသားတွေကို သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတဝန်း တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ လုံခြုံရေး အခြေအနေတွေ ပိုဆိုးလာတာကြောင့် ခုလို ထုတ်ပြန်လိုက်တာလို့ ဆိုပါတယ်။

အိန္ဒိယ သံရုံးအကြံပြုချက်ထဲမှာတော့ မြန်မာနိုင်ငံတွင်းမှာ ရောက်ရှိနေကြတဲ့ အိန္ဒိယနိုင်ငံသားတွေအနေနဲ့ အကြမ်းဖက်တိုက်ခိုက်ခံရနိုင်ခြေ အကျိုးသက်ရောက်မှုရှိနိုင်တဲ့ ဒေသတွေကို သွားလာတာတွေ ရှောင်ကြဉ်ကြဖို့နဲ့ ကြိုတင်သတိပြုကာကွယ်ကြဖို့ပါရှိပါတယ်။

ဒါ့အပြင်တိုက်ပွဲတွေ ဖြစ်ပွားရာဒေသတွေဆီ ကုန်းလမ်းခရီးသွားလာမှာတွေကို ရှောင်ကြဉ်ကြဖို့ နှိုးဆော်ထားပြီး ရန်ကုန်မြို့က မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှာ အသိပေးမှတ်ပုံတင်ထားကြဖို့လည်း တိုက်တွန်းထားပါတယ်။

အိန္ဒိယနိုင်ငံကတော့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးတို့ ပြန်လည်ရရှိစေဖို့အတွက် အကြမ်းဖက်မှုတွေ ရပ်စဲဖို့နဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်ဖြေရှင်းကြဖို့ အစောပိုင်းကာလတွေကတည်းက တောင်းဆိုခဲ့တာပါ။

ပြီးခဲ့တဲ့သီတင်းပတ်က ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားပြီး စခမ်းသိမ်းခံရလို့  အိန္ဒိယနိုင်ငံ မီဇိုရမ်ဘက်ကို ထွက်ပြေးသွားတဲ့  စစ်ကောင်စီတပ်က ဗိုလ်မှူး အပါအဝင် တပ်ဖွဲ့ဝင် ၂၉ ယောက်ကို အိန္ဒိယ အာဏာပိုင်တွေက ရဟတ်ယာဉ်နဲ့ခေါ်သွားခဲ့ပြီး  မြန်မာနိုင်ငံကို ပြန်ပို့ခဲ့ပါတယ်။

မြန်မာနိုင်ငံအနှံ့အပြားမှာတော့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေခဲ့တာပါ။

ဒီအခြေအနေတွေနဲ့အတူ စစ်မီးတောက်လောင်နေတဲ့ မြန်မာနိုင်ငံတွင်း ခရီးသွားလာမှုဆိုင်ရာ သတိပေးချက်တွေကို ယူကေ၊ အမေရိကန်၊ ဩစတြေးလျအပါအဝင် နိုင်ငံတွေ အသီးသီးက အန္တရာယ်ရှိ အနီရောင်အဆင့် သတ်မှတ် ထုတ်ပြန်ထားကြပါတယ်။

Source: Times of India

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024