အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အခြေစိုက် တမူးဒေသ ကာကွယ်ရေး ပူးပေါင်းတပ်ထံကို နိုဝင်ဘာ ၂၀ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး လက်နက်နဲ့အတူ အလင်းဝင်ခဲ့တယ်လို့ တမူး PDF က ပြောပါတယ်။
စစ်ကောင်စီတပ်သား ကျော်လင်းထိုက် (၃၁-နှစ်)၊ ကိုယ်ပိုင်အမှတ် တ/၅၄၈၀၂၈၊ စလရ-၂၆၉ (တီးတိန်) နဲ့ ကောင်းထက်အောင် (၂၅-နှစ်)၊ ကိုယ်ပိုင်အမှတ် တ/၅၇၁၁၄၀ တို့နှစ်ဦးဟာ ထန်းတပင်ရွာရှိ တမူး PDF ထံ အလင်းဝင်ခဲ့တာလို့ ဆိုပါတယ်။
တမူး PDF တပ်ရင်း-၄ ပြန်ကြားရေးတာဝန်ခံတစ်ဦးက “ကျနော်တို့အဖွဲ့ ရှေ့တန်းအပြန် ကင်းလှည့်ချိန်မှာ အဖွဲ့ထဲက ရဲဘော်တယောက်က ချုံမှာ စစ်ယူနီဖောင်းနဲ့ ပုန်းနေတဲ့ လူ နှစ်ယောက် မြင်သွားတာ။ အဲဒါ ကိုယ့်ရဲဘော်တွေမှတ်ပြီး ထွက်ခဲ့လို့ ပြောနေတာ။ သူတို့က ရဲဘော်တွေ မဟုတ်ဘဲ အလင်းဝင်ချင်လို့ပါဆိုပြီး ကြွပ်ကြွပ်အိတ်အဖြူလေး ထောင်ပြတယ်။ လက်နက်တွေရော ပါလားမေးတော့ ပါတယ်လို့ ပြောတယ်။ ဒါနဲ့ တပ်ဖွဲ့ဘက်က ကြည်ကြည်ဖြူဖြူပဲ လက်ခံခဲ့တယ်။ လက်နက်ကတော့ MA-2 တလက်နဲ့ MA-4 တလက် ၂ လက် ပါခဲ့တယ်။ ဆုကြေးငွေပေးဖို့တော့ အထက်ကို စာတင်ထားပြီးပါပြီ” လို့ ပြောပါတယ်။
အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၂ ဦးကို ဘေးကင်းလုံခြုံတဲ့ လွတ်မြောက်နယ်မြေကို ပို့ဆောင်ထားပြီး နောက်ထပ် အလင်းဝင်ချင်တဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ဒေသ ကာကွယ်ရေးပူးပေါင်းတပ်ထံ အချိန်မရွေး ချိတ်ဆက်ကာ အလင်းဝင်နိုင်တယ်လို့ တမူးဒေသ ကာကွယ်ရေးပူးပေါင်းတပ်ဘက်က ပြောထားပါတယ်။