ရန်ကုန်မြို့ထဲကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ဝင်ရောက်လာတယ်ဆိုပြီး စစ်ကောင်စီက နေအိမ်တွေမှာ ဧည့်စာရင်းစစ်တာကို ညတိုင်းပိုမို လုပ်ဆောင်လာတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဧည့်စာရင်းဝင်စစ်ပြီး အဖမ်းခံရပါက ရဲစခန်းကို ခေါ်သွားကာ နောက်တစ်ရက်မှ ဒဏ်ကြေးဆောင်ခိုင်းပြီး ပြန်လွှတ်ပေးတယ်လို့ မြောက်ဥက္ကလာပမြို့နယ်အတွင်း နေထိုင်သူတဦးက ပြောပါတယ်။
“ဧည့်သည်ရောက်လို့ ဧည့်စာရင်းမတိုင်ထားရင် သူတို့က ဧည့်စာရင်းဥပဒေနဲ့ ထောင်တစ်လ ချမယ်လို့ ပြောတယ်။ အိမ်မှာက အရင်တိုင်ထားတဲ့ ဧည့်စာရင်းတောင် ရက်ကျော်လို့ဆိုပြီး ဒဏ်ငွေ ငါးသောင်း မနေ့က ဆောင်လိုက်ရတယ်။ နွယ်သာဂီဘက်မှာ ဗုံးပေါက်ပြီးကတည်းက နေ့တိုင်း စစ်နေလို့ အခုဧည့်စာရင်းတိုင်ကြတဲ့သူတွေ အများကြီးပဲ။”
စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ်တွေဖြစ်တဲ့ မြောက်ဥက္ကလာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ စတဲ့မြို့နယ်တွေမှာ ဧည့်စာရင်းမတိုင်တာ၊ ရက်လွန်နေတာမျိုးတွေ့ရင် ထောင်ဒဏ်တစ်လ ချမယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေက ပြောဆိုထားတယ်လို့ အဲဒီမြို့နယ်တွေမှာ နေထိုင်သူတွေက ဆိုပါတယ်။
ပဲခူးတိုင်းမှ ဆေးလာရောက်ကုသသူတဦးက“ရန်ကုန်မှာ ဆေးခန်းလာပြတာ။ ဧည့်စာရင်း သွားတိုင်တော့ ရုံးကပိတ်သွားပြီ ၃ နာရီပဲ ရှိသေးတာ။ ညကလာစစ်တော့ ကျနော်နဲ့ သားကပါသွားတာ။ ရုံးရောက်တော့ တယောက် သုံးသိန်းပေးပြီး ပြန်လွှတ်လိုက်တာ။ ငွေမပေးနိုင်ရင် ၅၀၅ နဲ့ ထောင်ချမယ်လို့ သူတို့က ပြောတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီထောက်ခံသူတွေနဲ့ သူတို့ရဲ့ ဝါဒဖြန့်ချန်နယ်တွေမှာလည်း အခုရက်ပိုင်းအတွင်း PDF တွေ မြို့ကြီးတွေကို စိမ့်ဝင်လာနိုင်တာကြောင့် စစ်ကောင်စီတပ်တွေ၊ ရဲတွေအနေနဲ့ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးတွေမှာ တစ်အိမ်တက်ဆင်း ဧည့်စာရင်းစစ်တာ၊ ဖုန်းတွေ စစ်ဆေးတာတွေပါ လုပ်ဆောင်ကြဖို့ ပြောဆိုနေကြပါတယ်။