စစ်ကိုင်းတိုင်း၊ ကလေးမြို့ လေယာဉ်ကွင်းရှိ လေယာဉ်ပြေးလမ်းမှာ နိုဝင်ဘာ ၂၁ ရက် မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လေယာဉ်ပြေးလမ်းပျက်စီးခဲ့တာကြောင့် လေယာဉ်ခရီးစဉ် ၃ ရက် ရပ်နားထားတယ်လို့ လေယာဉ်လက်မှတ်အရောင်းဌာနဘက်က ပြောပါတယ်။
ကလေးမြို့ လေယာဉ်လက်မှတ်အရောင်းဌာန တာဝန်ရှိသူက “လေဆိပ်အတွင်းမှာ ပေါက်ကွဲမှုဖြစ်တာလို့ ကြားတယ်။ တိတိကျကျတော့ မသိရဘူး။ ရုံးချုပ်ဘက်ကကို Flight cancel လုပ်တာ။ အခုလောလောဆယ်တော့ ၂၁ / ၂၂ / ၂၃ သုံးရက် လေကြောင်း ခရီးစဉ် နားထားတယ်”လို့ ပြောပါတယ်။
ကလေးလေဆိပ်အတွင်းမှာ ရပ်နားထားတဲ့ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးလေယာဉ်ကို ဒရုန်းနဲ့ပစ်ချခဲ့ရာ ဂျက်လေယာဉ်ကို မထိမိဘဲ လေယာဉ်ပြေးလမ်းပေါ် ကျရောက်ပေါက်ကွဲသွားခဲ့တာလို့ ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဘက်က ပြောပါတယ်။
ကလေးမြို့တော်လှန်ရေးအင်အားစုအဖွဲ့ဝင်တစ်ဦးက “ကျနော်တို့ဘက်က လေဆိပ်အတွင်းမှာ ရပ်ထားတဲ့ Mi 35ကို ဒရုန်းနဲ့ချတာ။ လွဲသွားပြီး လေယာဉ်ပြေးလမ်းပေါ်ကျသွားတော့ လေယာဉ်ပြေးလမ်း ပျက်စီးသွားတာ” လို့ ပြောပါတယ်။
အဆိုပါပေါက်ကွဲမှုအပြီးမှာ စစ်ကောင်စီက ကလေးမြို့ မြို့လယ်လမ်းဆုံကနေ လေဆိပ်အထိ လုံခြုံရေးအင်အားအများအပြားချထားပြီး လမ်းသွားလမ်းလာ မြို့ခံပြည်သူတွေကို တင်းကျပ်စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။