ဟောလိဝုဒ် ဝါရင့်သရုပ်ဆောင်မင်းသမီး နှစ်လက်ဖြစ်ကြတဲ့ နာတလီပို့ထ်မန်းနဲ့ ဂျူလီယန်မိုးရ်တို့ အပြိုင်သရုပ်ဆောင် ပါဝင်ထားကြတဲ့ “May December” ရုပ်ရှင်ကို နိုဝင်ဘာ ၁၇ ရက်က စတင်ကာ အမေရိကန်နိုင်ငံမှာ ပြသနေပါတယ်။
မယ်လိုဒရာမာ ရုပ်ရှင်ကားတကားအနေနဲ့ ရှုစားကြရမယ့် ဒီကားကိုတော့ ရုပ်ရှင်ဇာတ်လမ်းတိုတွေနဲ့ နာမည်ကြီးတဲ့ အမေရိကန်ရုပ်ရှင်ဒါရိုက်တာ တော့ဒ်ဟိန်းစ်က ရိုက်ကူးပေးထားပြီး နက်ဖလစ်စ်ကနေလည်း ဖြန့်ချိပြသသွားမယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ ၁၉၉၇ ခုနှစ်တုန်းက အမေရိကန်နိုင်ငံမှာ ကလေးတယောက်ကို ဒုတိယအဆင့် အဓမ္မပြုကျင့်မှုနှစ်ခုနဲ့ အပြစ်ရှိကြောင်း ဝန်ခံခဲ့တဲ့ ကျောင်းဆရာမတယောက်ဖြစ်တဲ့ မေရီကေ လက်ထိုနိုအကြောင်းကို ဇာတ်လမ်းကျောရိုးယူထားခဲ့တဲ့ ဒီကားထဲမှာတော့ နာမည်ကျော် မင်းသမီး နှစ်လက်နဲ့အပြိုင် ဟောလိဝုဒ်မင်းသား ချားလ်စ် မဲလ်တန်ကလည်း ပါဝင်ထားတာပါ။
ဘတ်ဂျတ် အမေရိကန်ဒေါ်လာသန်း ၂၀ အကုန်အကျခံ ရိုက်ကူးထားတဲ့ ဒီကားဟာ မွန့်ထ်ကလဲရ်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး ဒါရိုက်တာဆု ရရှိထားခဲ့သလို နာမည်ကြီး ကိန်းရုပ်ရှင်ပွဲတော်မှာ ပြီးခဲ့တဲ့ မေလတုန်းက ပြသထားခဲ့ကာ တခြားသော ထူးချွန်ဆုတွေနဲ့ ချီးကျူးမှုတွေလည်း ရရှိထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်က အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့မှာ ကျင်းပခဲ့တဲ့ ရုပ်ရှင်မိတ်ဆက်ပွဲမှာတော့ ပါဝင်တဲ့ သရုပ်ဆောင်တွေ တက်ရောက်ခဲ့ကြတာကို တွေ့ရပါတယ်။
Source/Photo - Reuters