စစ်ကိုင်းတိုင်း ထီးချိုင့်မြို့ အမှတ် ၂ ရပ်ကွက်မှာ နိုဝင်ဘာ ၁၉ ရက် နေ့လယ်က ဆိုင်ကယ်နဲ့ ဆန်အိတ်လာသယ်တဲ့ လူငယ် လေးဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ကောင်လေးတွေက ဆန်အိတ်သယ်တာ၊ မြို့ပြင်ကနေ မြို့ထဲကို။ ဆိုင်ကယ်နဲ့ သယ်လာတုန်း အမှတ် ၂ ရပ်ကွက်မှာ စစ်တပ်က သေနတ်နဲ့လှမ်းပစ်တာ။ လေးယောက်စလုံး သေတယ်၊ အလောင်းတောင် ပြန်မကောက်နိုင်သေးဘူး" လို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
အသက် ၂၀ကျော် အရွယ် လူငယ်လေးဦးဟာ ထီးချိုင့်မြို့နယ်အတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေလို့ စစ်ဘေးရှောင်စခန်းမှာ သွားရောက်နေထိုင်ကြသူတွေဖြစ်ပြီး တိုက်ပွဲငြိမ်သက်နေချိန် ဆန်အိတ်သွားသယ်စဉ် ပစ်သတ်ခံရတာလို့ ဆိုပါတယ်။
ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ နိုဝင်ဘာ ၁၂ ရက်ကစပြီး တိုက်ပွဲတွေ ငြိမ်သက်နေပေမဲ့ စစ်ကောင်စီတပ်က လူနေရပ်ကွက်တွေကို မီးရှို့တာ၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်ကနေ ၁၄ ရက်နေ့အတွင်း ထီးချိုင့်မြို့နယ်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ် ၃ ဦးအပါအဝင် အရပ်သား ပြည်သူ ၁၇ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက နိုဝင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
မကွေးတိုင်း ပေါက်မြို့နယ်မှာလည်း နိုဝင်ဘာ ၁၉ ရက် ညနေမှာ စစ်ကောင်စီစစ်ကြောင်းက စစ်ဘေးရှောင်တဲအိမ် ၃၀ လောက်ကို မီးရှို့ဖျက်ဆီးကာ ပြည်သူ ၁ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပေါက်မြို့နယ် ချောင်းဆုံကျေးရွာနားမှာ နိုဝင်ဘာ ၁၉ ရက် ညနေ ၄ နာရီကျော်လောက်မှာ အင်အား ၁၅၀ လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းက စစ်ဘေးရှောင်တဲအိမ် အလုံး ၃၀ လောက်ကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ချောင်းဆုံကျေးရွာ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
ဒါ့အပြင် ချောင်ဆုံ စစ်ဘေးရှောင်တဲက အသက် ၅၆ နှစ်အရွယ် ဦးငဝဲကို သတ်ဖြတ်သွားခဲ့ကြတယ်လို့ ဆိုပါတယ်။
ပေါက်မြို့နယ်မှာ PDF စိုးမိုးနယ်မြေတွေ များပြားလာတာကြောင့် စစ်ကောင်စီဘက်က နယ်မြေပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် ကျေးရွာတွေကို အင်အားအလုံးရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်ကာ နေအိမ်တွေကို မီးရှိုဖျက်ဆီးတာ၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာနဲ့ ပစ္စည်းတွေကို မတရားခိုးယူတာတွေ မကြာခဏ ပြုလုပ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။