Home
နိုင်ငံတကာ
ယူကရိန်းအတွက် ကုန်ကားနှင့် မိုင်းရှာပစ္စည်းများ ဂျပန်လှူဒါန်း 
DVB
·
November 21, 2023

ဂျပန်အစိုးရဟာ ယူကရိန်းနိုင်ငံရဲ့ အရေးပေါ်ဌာနအတွက် ကုန်ကားတွေနဲ့ မြေမြှုပ်မိုင်း ဖြုတ်သိမ်းရေး ပစ္စည်းတွေကို နိုဝင်ဘာ ၂၀ ရက်က လှူဒါန်းလိုက်ပါတယ်။ 

ပစ်ကပ်ကုန်ကား အစီးရေ ၄၀ နဲ့ မြေမြှုပ်မိုင်း ဖြုတ်သိမ်းရေး ပစ္စည်းကိရိယာတွေဟာ ယူကရိန်းမြို့တော် ကိယက်ဗ်ရဲ့ မြို့လယ်က စိန့်ဆိုဖီယာ ရင်ပြင်မှာ တန်းစီနေတာပါ။ 

ပစ္စည်းတွေ လွှဲပေးတဲ့ အခမ်းအနားအတွက် မြို့တော်တွင်း မျက်စိပသာဒရှိတဲ့ ခရစ်ယာန် ဘုရားကျောင်းကြီးတွေထဲက တခုရဲ့ ရှေ့မှာ ကျင်းပဖို့ ပြင်ဆင်ထားခဲ့တာပါ။

ဂျပန် စီးပွားရေး ကုန်သွယ်ရေးနဲ့ စက်မှုလုပ်ငန်းဝန်ကြီးဌာန (METI) ရဲ့ဝန်ကြီး ခါဇုချိခအိဝါတာနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ကို ယူကရိန်း ပြည်ထဲရေးဝန်ကြီး အီဟိုး ကလီမက်ကောက ကြိုဆိုခဲ့ပါတယ်။

ခေါင်းဆောင်တွေ အချင်းချင်း လက်ဆွဲနှုတ်ဆက်အပြီးမှာ အရေးပေါ်ဌာန ဝန်ထမ်းတွေက ကုန်ကားတွေကို စမ်းသပ် မောင်းနှင်ခဲ့ကြပါတယ်။ 

ဒီခရီးစဉ်ဟာ ယူကရိန်းရဲ့ လိုအပ်ချက်ကို နားထောင်ဖို့နဲ့ အထူးစီမံကိန်းတွေကို ဆွေးနွေးဖို့၊ ကူညီဖို့ စုပေါင်းနဲ့ ပုဂ္ဂလိက အားထုတ်မှုတွေကို အရှိန်မြှင့်ဖို့လို့  METI ဝန်ကြီးဌာနက ပြောပါတယ်။ ဂျပန် ကိုယ်စားလှယ်အဖွဲ့ဟာ ယူကရိန်း ဝန်ကြီးချုပ် ဒန်းနစ်စ် ရှမွေဟယ်နဲ့လည်း တနင်္လာနေ့ နှောင်းပိုင်းမှာ တွေ့ဆုံခဲ့ပါတယ်။

ရုရှားက ယူကရိန်းကို ၂၀၂၂ ဖေဖော်ဝါရီမှာ စတင်ကျူးကျော်ချိန်ကစပြီး ဂျပန်ဟာ ယူကရိန်းကို ရန်ပုံငွေတွေ ထောက်ပံ့ ကူညီခဲ့သလို ဒုက္ခသည်တွေကိုလည်း လက်ခံခဲ့ပါတယ်။ 

ဂျပန်ဟာ ဒီနှစ်ထဲမှာ အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာတဲ့ ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး ၇ နိုင်ငံအုပ်စု ( G7) မှာ ယူကရိန်းအတွက် ထောက်ခံမှု တိုးမြှင့်ခဲ့ပါတယ်။ 

Source/Photo-Reuters 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024