ဟန်ဂေရီဟာ ဘရပ်ဆဲလ်စ်မှာ တည်ဆောက်ခဲ့တဲ့ လက်ရှိ ဥရောပသမဂ္ဂရဲ့ ပုံစံကို ငြင်းပယ်ရမှာ ဖြစ်ပြီး အီးယူကို စွန့်ခွါရမယ့်အစား ပြောင်းလဲပစ်ဖို့ လိုအပ်တယ်လို့ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန်က နိုဝင်ဘာ ၁၈ ရက်က သူ့ရဲ့ဖှစ်ဒက်ဇ်ပါတီ ကွန်ဂရက်စ်မှာ ပြောကြား လိုက်ပါတယ်။
အီးယူရဲ့ လက်ရှိပုံစံဟာ ရေရှည်ခံမှာ မဟုတ်ဘဲ အနာဂတ် မရှိဘူးလို့လည်း ယုံကြည်ယူဆတာကြောင့် လက်မခံနိုင်ရင် လက်မခံနိုင်ဘူးလို့ ပြတ်ပြတ်သားသား ပြောရမယ်လို့ လေးလေးနက်နက် ယုံကြည်ကြောင်း အော်ဘန်က ပြောဆိုပါတယ်။
ဒီနေ့ ဘရပ်ဆဲလ်ဟာ ဥရောပကို ဖျက်ဆီးနေပြီး လမ်းဆုံး ရောက်အောင် လုပ်နေတယ်လို့ ယုံကြည်ကြောင်းလည်း ပြောပါတယ်။
အီးယူအဖွဲ့ဝင်အဖြစ် ယူကရိန်းနဲ့ ဆွေးနွေးမှုတွေ စတင်ဖို့ ဟန်ဂေရီအစိုးရက ဆန့်ကျင်ကြောင်းကိုလည်း အော်ဘန်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။
ယူကရိန်းကို အီးယူအဖွဲ့ဝင်အဖြစ် ဆွေးနွေးပွဲတွေ စတင်ဖို့ဆိုပြီး ဘရပ်ဆဲလ်ရဲ့ ကတိကဝတ် အမှားအယွင်းတွေကို အမှန်ပြန်ပြင်ဖို့က ကျွန်ုပ်တို့ရဲ့ တာဝန်ဖြစ်လိမ့်မယ်လို့လည်း သူက ဆိုပါတယ်။
ရွှေ့ပြောင်းအခြေချသူတွေကို ဟန်ဂေရီမှာအခြေချနေထိုင်ဖို့ အီးယူရဲ့ကြိုးပမ်းမှုတွေကိုလည်း တွန်းလှန်သွားမယ်လို့ ပြောပါတယ်။
၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလမှာ ရုရှားကျူးကျော်မှု ကြုံရအပြီး ရက်ပိုင်းအတွင်းမှာ အီးယူကို ဝင်ရောက်ခွင့် လျှောက်ထားလာတဲ့ ယူကရိန်းကို အဖွဲ့ဝင်နိုင်ငံ ဖြစ်လာဖို့ကို ထိပ်တန်းဦးစားပေး အဖြစ် ရှုမြင်ထားပါတယ်။
လာမယ့်လမှာ ကျင်းပမယ့် အီးယူထိပ်သီးအစည်းအဝေးရဲ့ လုပ်ငန်းစဉ်တွေမှာ ယူကရိန်းကို ဝင်ခွင့် မေးခွန်းတွေ မေးမြန်းဖို့လည်း ပါဝင်နေတာ ဖြစ်ပါတယ်။
Source/Photo-Reuters