ကျောင်းတွေမှာ ဖုန်းတွေကို ပိတ်ထားဖို့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်တဲ့ ကျောင်းဒါရိုက်တာတယောက်ကို အလုပ်ထုတ်တဲ့ကိစ္စကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဟန်ဂေရီနိုင်ငံရဲ့ မြို့တော် ဘူဒါပတ်စ်မှာ ကျောင်းသားတွေ၊ ဆရာတွေနဲ့ မိဘတွေ စက်တင်ဘာ ၂ ရက်က ဆန္ဒပြခဲ့ကြပါတယ်။
မက်ဒါချီမရာ အထက်တန်းကျောင်း ဒါရိုက်တာကို ထုတ်ပယ်ခဲ့တဲ့ ပြည်ထဲရေးဝန်ကြီး ရာထူးကနေ နုတ်ထွက်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။
စာသင်ခန်းတွေမှာ မိုဘိုင်းလ်ဖုန်းတွေနဲ့ စမတ်စက်ပစ္စည်းတွေကို ပိတ်ပင်ထားတဲ့ အစိုးရသစ်ရဲ့ အမိန့်ကို ဖီဆန်လို့ ၂၄ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျောင်းဒါရိုက်တာ ကျာဘာ မယ်ရှာရို့စ် အလုပ်ထုတ်ခံခဲ့ရတာပါ။
စက်တင်ဘာ ၂ ရက်မှာ အသက်ဝင်မယ့် ဒီအမိန့်ဟာ အာရုံပျက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျောင်းသားတွေက ဖုန်းကို ကျောင်းချိန်မပြီးမချင်း အပ်ထားရမယ်လို့ ပြောထားပါတယ်။
ဆန္ဒပြပွဲစီစဉ်သူတယောက်က “စံနှုန်းသတ်မှတ်ချက်နဲ့သာ သက်ဆိုင်တယ်လို့ ထင်ပါတယ်။ ဆန့်ကျင်ဘက်လမ်းကို သွားတဲ့သူတွေ၊ ကျနော်တို့ပြောတာနဲ့ မတူအောင် လုပ်နိုင်တဲ့သူတွေ ဒီလို ဇာတ်သိမ်းမယ်လို့ ပြဖို့လုပ်တဲ့ သာဓကသက်သက်ပါပဲ” လို့ ပြောပါတယ်။
မယ်ရှာရို့စ်နဲ့ သူ့ဝန်ထမ်းတွေကတော့ ဒစ်ဂျစ်တယ် သင်ကြားမှုအတွက် ဖုန်းတွေကို ဆက်သုံးမယ်လို့ ကြေညာထားပေမဲ့ တင်းကျပ်တဲ့ အသုံးပြုမှုဆိုင်ရာ မူဝါဒတွေကို ကျင့်သုံးမယ်လို့ ပြောပါတယ်။
ကျောင်းကတော့ အမိန့်ဘောင်အတွင်းကနေ ထိန်းထိန်းသိမ်းသိမ်း လှုပ်ရှားမယ်လို့ ပြောပါတယ်။
မိုဘိုင်းလ်ဖုန်း အသုံးပြုမှုနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်တက်လာတာကို တုံ့ပြန်တဲ့အနေနဲ့ ဟန်ဂေရီဟာ မိုဘိုင်းဖုန်းသုံးမှုကို ထိန်းချုပ်ဖို့ တခြား ဥရောပသမဂ္ဂ (EU) နိုင်ငံတွေနဲ့ ပူးပေါင်းခဲ့ပါတယ်။
ပြင်သစ်နိုင်ငံမှာ အသက် ၁၅ နှစ်အောက် ကျောင်းသားတွေအတွက် တားမြစ်ချက်ကို စမ်းသပ်နေပြီး ဂရိနိုင်ငံမှာတော့ အခုစာသင်နှစ်ကစပြီး စာသင်ချိန်အတွင်း ဖုန်းတွေကို အိတ်ထဲမှာ ထည့်ထားဖို့ လိုအပ်လာပါတယ်။
Source-Reuters