ရန်ကုန်က ရွှေပြည်သာ၊ လှိုင်သာယာနဲ့ အင်းစိန်မြို့နယ်တို့မှာ နိုဝင်ဘာ ၁၈ ရက်နေ့က စပြီး ဆိုင်ကယ်ကယ်ရီမောင်းနှင်သူတွေနဲ့ ဘေးတွဲမောင်းသူတွေကို ရပ်ကွက်ရုံးနဲ့ လမ်းထိပ်တွေမှာ စစ်ကောင်စီက ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေက မဖြစ်မနေ ကင်းစောင့်ခိုင်းနေတယ်လို့ မြို့ခံတွေဆီကနေ တဆင့်သိရပါတယ်။
ည ၁၂ နာရီကနေ မနက် ၆ နာရီထိ စောင့်ရတာဖြစ်ပြီး စစ်ကောင်စီကနေတဆင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ခိုင်းစေတာဖြစ်ကြောင်း အင်းစိန်မြို့နယ်မှာ နေထိုင်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“ကထိန်ရာသီဆိုတော့ ရုံးထဲက ပဒေသာပင်တွေကို သူခိုး ခိုးမှာဆိုးလို့ ကင်းစောင့်ခိုင်းတာပါ။ ဒီတလ လောက်ပဲ စောင့်ခိုင်းမယ် ထင်ပါတယ်” လို့ သူက ပြောပါတယ်။
ကင်းစောင့်ဖို့ လူခေါ်တဲ့နေရာမှာ ရပ်ကွက်တခုကို ဆိုင်ကယ် ကယ်ရီနဲ့ ဘေးတွဲမောင်းသူ အနည်းဆုံး ၅ ယောက်အထိ ကင်းထွက်စောင့်ပေးရတယ်လို့ လှိုင်သာယာမြို့နယ်မှာ နေထိုင်တဲ့ ဘေးတွဲမောင်းသူတယောက်က ပြောပါတယ်။
“ရပ်ကွက်ထိပ်မှာ ကင်းစောင့်ရမယ်။ ညနေ ၆ နာရီ ရပ်ကွက်ရုံးကို အရောက် လာခိုင်းတယ်။ သူတို့က ဘာလက်နက်မှတော့ မပေးဘူး။ ကိုယ့်အိမ်ကနေ ဓားတို့၊ လေးခွ တို့ ယူလာခိုင်းတယ်” လို့ ပြောပြပါတယ်။
ဆိုင်ကယ် ကယ်ရီမောင်းသူတွေနဲ့ ဘေးတွဲမောင်းသူတွေကို ကင်းစောင့်ခိုင်းတဲ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူတူ ညအချိန်မှာ ရပ်ကွက်တွေထဲကို ကင်းလှည့်ခိုင်းနေတာမျိုးလည်း ရှိတယ်လို့ ရွှေပြည်သာ မြို့နယ် တ/၁၅ ရပ်ကွက်မှာ နေထိုင်သူတယောက်က ပြောပြပါတယ်။
“သူတို့နဲ့ ကင်းလှည့်ပေးရင် ဆိုင်ကယ်လိုင်စင်မဖမ်းတော့ဘူးလို့ မက်လုံးပေးပြီး လိုက်ခိုင်းတာ တညကို ၁၀ စီး ကျော်တယ်။ စစ်သားတွေနဲ့ အတူတူ ကင်းပတ်နေတာ” လို့ ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးကာစကတော့ အုပ်ချုပ်ရေးပျက်သွားပြီဆိုတဲ့ အကြောင်းပြချက်နဲ့ လုံခြုံရေးအရ ရပ်ကွက်တွေမှာ ဝါးကပ်ကာ၊ သဲအိတ်တွေထပ်နဲ့ တာယာကွင်းတွေချပြီး ရပ်ကွက်နေသူတွေ လုံခြုံရေး ကင်းစောင့်ခဲ့ကြပါတယ်။