ဖင်လန်- ရုရှားနယ်စပ်က နယ်စပ်ဖြတ်ကျော်ရေးစခန်း ၄ ခုမှာ အတားအဆီးတွေကို ဖင်လန်နိုင်ငံက စိုက်ထူမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ရုရှားအစိုးရက ကြိုးကိုင်နေတယ်လို့ ဖင်လန်အစိုးရက ပြောတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ တိုးလာတဲ့ အခြေအနေကို ဟန့်တားဖို့လို့လည်း နိုဝင်ဘာ ၁၇ ရက်မှာပြောပါတယ်။
အမေရိကန်နဲ့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ဆုံးဖြတ်ချက်အတွက် ရုရှားအာဏာပိုင် တွေက ရွှေ့ပြောင်းနေထိုင်သူတွေကို လမ်းကြောင်းလွှဲပေးနေတယ်လို့ ဖင်လန်အစိုးရက စွပ်စွဲထား ပြီး စွဲချက်ကို ရုရှားသမ္မတ နန်းတော်က ပယ်ချခဲ့ပါတယ်။
ဖင်လန်ရဲ့ အရှေ့တောင်ဘက်က ဗားလီမာ၊ နွီးယာမာ၊ အီမာထရာနဲ့ နီးရာလာ မြို့တွေမှာရှိတဲ့ ရုရှားနိုင်ငံနဲ့ နယ်စပ်ဖြတ်ကျော်ရေးစခန်း ၉ ခုထဲက ၄ ခုမှာ အတားအဆီးတွေ တပ်ဆင်သွားမယ်လို့ ဖင်လန်နယ်ခြားစောင့်တပ်က ပြောပါတယ်။
အီရတ်၊ ယီမင်၊ ဆိုမာလီယာနဲ့ ဆီးရီးယားတို့က အများစုဖြစ်တဲ့ ခိုလှုံခွင့်ရရေး ကြိုးစားသူ အယောက် ၃၀၀ လောက်ဟာ ခုသီတင်းပတ်အတွင်း ဖင်လန်နိုင်ငံဆီ ရောက်လာတယ်လို့ နယ်ခြားစောင့်တပ်က ပြောပါတယ်။
သောကြာနေ့ တရက်တည်းမှာ ဖင်လန်နိုင်ငံထဲကို ရုရှားနိုင်ငံက လူ ၁၀၀ နီးပါး ဝင်လာခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဖင်လန်ဟာ ရုရှနဲ့ ၈၃၃ မိုင် ရှည်တဲ့ နယ်နိမိတ်ကို မျှဝေထားပြီး EU ရဲ့ ပြင်ပနယ်စပ် လည်း ဖြစ်ပါတယ်။
စနေနေ့ကစပြီး မြောက်ပိုင်းနယ်စပ် ဖြတ်ကျော်ရေးစခန်း ၂ ခု ဖြစ်တဲ့ ဆယ်လာနဲ့ ဗာတီးယပ်စ်တို့ မှာသာ ရုရှားနိုင်ငံကတဆင့် ရောက်လာတဲ့ ခိုလှုံခွင့်တောင်းခံသူတွေရဲ့ လျှောက်လွှာတွေကို ခွင့်ပြုမှာဖြစ်ပါတယ်။
Source/Photo-Reuters