စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်မြို့က ပြည်သူ ၅ ယောက်ကို စစ်တပ်က ဖမ်းဆီးထားပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာလည်း အဝေးသင်တက္ကသိုလ် ကျောင်းသား တယောက်နဲ့ ဖခင်ဖြစ်သူကို စစ်တပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၁၇ ရက်နေ့ ညပိုင်းမှာ စစ်တွေမြို့၊ ကန်တော်ကြီးရပ်ကွက်က အဝေးသင်တက္ကသိုလ်ကျောင်းသား မောင်မြတ်ထူးနိုင်နဲ့ ဖခင်ဖြစ်သူ ဦးသန်းဝင်းကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတာလို့ စစ်တွေမြို့ဒေသခံတယောက်က ပြောပါတယ်။
ကန်တော်ကြီးနဲ့ မင်းဂံရပ်ကွက်မှာ နိုဝင်ဘာ ၁၅ ရက်ညနေပိုင်းက စစ်ကောင်စီတပ်သားတွေက ပြည်သူတွေကို ဖမ်းဆီးနေတဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ခဲ့တာကြောင့် ဗွီဒီယိုရိုက်ကူးခဲ့တဲ့ တည်နေရာကို ရှာပြီး လိုက်လံဖမ်းဆီးခဲ့ကြတာလို့ ဆိုပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၁၃ ရက်နေ့ ညနေပိုင်းကလည်း စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်က ဒေသခံပြည်သူ ၁၀ ယောက်လောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အင်းတော်မြို့မှာတော့ နိုဝင်ဘာ ၉ ရက်နေ့က အောင်မေတ္တာရပ်ကွက်နဲ့ အောင်ချမ်းသာ ရပ်ကွက်က ပြည်သူ ၄ ယောက်ကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး နိုဝင်ဘာ ၁၂ ရက်နေ့မှာလည်း နောက်ထပ် ၁ ယောက်ကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၉ ရက်နေ့က ဖမ်းဆီးခံရသူတွေဟာ မြို့နယ်ရဲစခန်းမှာရှိနေပြီး ၁၂ ရက်နေ့မှာ ဖမ်းခံရသူတယောက်ကတော့ ရဲစခန်းကို ရောက်မလာသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။
မြို့ခံတယောက်က “မြို့ပေါ်အခြေအနေကတော့ ၉ ရက်နေ့မှ သိရတာ၊ ဖမ်းခံရတဲ့ သတင်းကိုပေါ့။ အဲနေ့မှာ ဖမ်းခံရတာ ၄ ယောက်ရှိတယ်၊ မြို့ပေါ်ကလူတွေပဲ။ ဘယ်လိုအကြောင်းပြချက်နဲ့ ဖမ်းသွားတယ်ဆိုတာတော့ မသိရသေးဘူး။ စစ်ကောင်စီ တပ်သားနဲ့ ရဲနဲ့ လာဖမ်းခေါ်သွားတာ။ ၄ ယောက်လုံး ရဲစခန်းမှာရောက်နေပြီ။ နောက်ပြီးတော့ ၁၂ ရက်နေ့မှာလည်း တဦးထပ်ဖမ်းခံရတယ်၊ အဲတယောက်ကတော့ ရဲစခန်းလည်း မရောက်သေးဘူး။ ဖမ်းခေါ်သွားကတည်းက ဘယ်ကို ခေါ်သွားတာလဲ မသိရသေးဘူး” လို့ ပြောပါတယ်။
ပြီးတော့ ဖမ်းခံထားရသူတွေကို အမှုဖွင့်တာလည်း မရှိသေးဘူးလို့ ဆိုပါတယ်။
ဖမ်းခံရသူတွေထဲမှာ အမျိုးသမီးတယောက်လည်းပါပြီး အမျိုးသားတယော်ကကတော့ လေဖြတ်တာကြောင့် ဆေးရုံတင်ထားရတယ်လို့လည်း သိရပါတယ်။
ထီးချိုင့်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေ ဝင်ရောက်တိုက်ခိုက်ခဲ့ နိုဝင်ဘာ ၈ ရက်နေ့ နောက်ပိုင်းမှာ အင်းတော်ကိုလည်း တိုက်ခိုက်လာမှာကို စိုးရိမ်ပြီး အင်းတော်ဒေသတွေ မြို့က ထွက်သွားကြပေမဲ့ နိုဝင်ဘာ ၁၉ ရက်နေ့မှာတော့ တချို့ ပြန်ဝင်လာကြတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အင်းတော်မြို့ပေါ်က အိမ်အမြင့်တွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေက နေရာယူထားတယ်လို့လည်း သိရပါတယ်။