ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်မှာ တခုတည်းကျန်တော့တဲ့ စစ်ကောင်စီရဲ့ စခန်းသစ် တပ်စခန်းကို ၁၀၂၇ စစ်ဆင်ရေးက တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း အဆိပ်ငွေ့ဗုံးနဲ့ တိုက်ခိုက်လာတယ်လို့ တအောင်းတပ်မတော် PSLF/TNLA ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁၇ ရက်နေ့ မနက် ၆ နာရီကနေ ညပိုင်းအထိ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ ခလရ-၁၄၄ မန်တပ် တပ်စခန်းက တိုက်ပွဲဖြစ်ပွားရာ နမ့်ခမ်းဘက်ကို လက်နက်ကြီးနဲ့ ၅ ကြိမ် ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သလို ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာတပ်စခန်းကလည်း လက်နက်ကြီးနဲ့ ၁၀ ကြိမ်ကျော် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
၁၇ ရက်နေ့ ညပိုင်းမှာတော့ စစ်ကောင်စီရဲ့ စခန်းသစ်တပ် လုံခြုံရေးကုန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ကြီး လက်နက်ငယ် ၁၃ လက် သိမ်းဆည်းနိုင်ခဲ့သလို စစ်တပ်ဘက်က သေဆုံးသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၁၈ ရက် ဒီနေ့ မနက်ပိုင်းမှာတော့ စခန်းသစ် လုံခြုံရေးကုန်းနေရာကို စစ်တပ်ဘက်က အဆိပ်ငွေ့ဗုံးနဲ့ တိုက်ခိုက်လာတယ်လို့ TNLA ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
ဒါကြောင့် TNLA ရဲဘော်တချို့ အဆိပ်ငွေ့သင့်ပြီး ဆေးကုသနေရတယ်လို့လည်း ဆိုပါတယ်။
ဒီမနက်ပိုင်းမှာပဲ မနက် ၉ နာရီလောက်နဲ့ ၁၁ နာရီခွဲလောက်က စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ နမ့်ခမ်းဘက်ကို ပစ်ကူပေးတိုက်ခိုက်တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၄ ရက်နေ့ကလည်း လားရှိုးမြို့နယ်က စစ်ကောင်စီရဲ့ မိုင်းကျက်တပ်စခန်းကို တိုက်ခိုက်နေတုန်းမှာ စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံး အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
TNLA ရဲ့ ပြန်ကြားရေးဌာန တာဝန်ရှိသူတယောက်က “အဆိပ်ငွေ့ဗုံးလို့ ဘာလို့ပြောနိုင်လဲဆိုတော့ သူတို့ချတဲ့ဗုံးက ဥပမာ ဗုံးတို့၊ မိုင်းတို့၊ လက်နက်ကြီးတို့ ဘာတို့ဆိုရင် ပစ်ချလိုက်တယ်ဆိုရင် အထဲက အစတွေထိမှ ဒဏ်ရာရတဲ့ အခြေအနေ ပုံစံမျိုးပေါ့လေ။ အဲဒီအစတွေ ကြီးကြီးမားမားထိတယ်ဆိုရင် သေသွားနိုင်တဲ့ အနေအထားမျိုးရှိတယ်။ အခုက ချလိုက်တယ်။ ချလိုက်တဲ့ဟာကို အဲ အငွေ့လောက်ကို ရှူလိုက်ရုံနဲ့ မူးဝေပြီးတော့ သတိလစ်တဲ့ပုံစံမျိုးတွေ၊ အော့အန်တဲ့ပုံစံမျိုးတွေ၊ အဲဒီအငွေ့က အဆုတ်ထဲဝင်သွားတယ်ဆိုရင် အသက်အန္တရာယ်ကိုပေးနိုင်တဲ့ပုံစံမျိုးအထိ ဖြစ်သွားတယ်ပေါ့လေ” လို့ ပြောပါတယ်။
အဲဒီဗုံးတွေကို မြေပြင်ကနေပဲ ပစ်ခတ်တိုက်ခိုက်လာခဲ့တာဖြစ်ပြီး ဒါဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်တာလို့လည်း သူက ဆက်ပြောပါတယ်။