စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်ထဲက CDM ဝန်ထမ်းတွေပြန်လာပြီး တာဝန်ထမ်းဆောင်ကြဖို့ အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က ဖိတ်ခေါ်လိုက်ပြီး ပုဂ္ဂလိကဘဏ်တွေကိုလည်း ဝင်ရောက်စစ်ဆေးမယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ဆောင်ရွက်နေတဲ့ အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေ၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ကောလင်းခရိုင်၊ မြို့နယ်အတွင်း ဌာနအသီးသီးက CDM ဝန်ထမ်းတွေအနေနဲ့ ခရိုင်၊ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေဆီကို ဆက်သွယ် သတင်းပေးပို့ တာဝန်ထမ်းဆောင်နိုင်တယ်လို့ ဒီနေ့ ထုတ်ပြန်အသိပေး ဖိတ်ခေါ်လာတာပါ။
ပြီးတော့ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့အနေနဲ့ ကောလင်းခရိုင်ထဲက ပြည်သူလူထုအတွက် ငွေကြေးဝန်ဆောင်မှုပေးနေတဲ့ ပုဂ္ဂလိကဘဏ်တွေရဲ့ လုံခြုံရေး စောင့်ရှောက်မှုပေးနိုင်ဖို့နဲ့ အများပြည်သူပိုင်ဆိုင်မှုတွေ နစ်နာဆုံးရှုံးမှုမရှိစေဖို့ ဘဏ်ထဲကို ဝင်ရောက် စစ်ဆေးသွားမယ်လို့လည်း ဒီနေ့ ထုတ်ပြန်လာပါတယ်။
ဒါကြောင့် ပုဂ္ဂလိကဘဏ်အသီးသီးရဲ့ တာဝန်ရှိသူတွေအနေနဲ့ ခရိုင် ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့နဲ့ အမြန်ဆုံး လာရောက်ဆက်သွယ်ပူးပေါင်းဆောင်ရွက်သွားဖို့ အသိပေးထားပြီး မလိုက်နာဘူးဆိုရင်တော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလ ဗဟိုဘဏ်ရဲ့ ကြေညာချက် ၁/၂၀၂၃ ပါ ညွှန်ကြားချက်တွေနဲ့အညီ ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။