Home
မြန်မာသတင်း
ထီးချိုင့်မြို့၏ ၇၀ ရာခိုင်နှုန်းခန့်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
DVB
·
November 18, 2023

စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်မြို့နယ် ထီးချိုင့်မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ မီးရှို့တာတွေကြောင့် မြို့ရဲ့ ရပ်ကွက် ၃ ခုက နေအိမ်တွေ အကုန်လုံးနီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ထီးချိုင့်မြို့နယ် ပ.က.ဖ တာဝန်ခံတဦးဆီက သိရပါတယ်။

ထီးချိုင့်မြို့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ နိုဝင်ဘာ ၈ ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း နှစ်ဖက်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က နေအိမ်တွေ မီးရှို့ဖျက်ဆီးနေတာလို့ ဆိုပါတယ်။

နိုဝင်ဘာ ၁၀ ရက်ကနေ စတင်မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး နိုဝင်လာဘာ ၁၇ ရက်နေ့အထိ မြို့ရဲ့ ၇၀ ရာခိုင်နှုန်းလောက် နေအိမ်တွေ မီးလောင်ပျက်စီးသွားပြီလို့ ထီးချိုင့်မြို့နယ် ပ.က.ဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

“တမြို့လုံးနီးပါးတော့ ပြာကျသွားပြီ၊ အကုန် ပတ်ရှို့နေတာနဲ့ကော၊ လေကြောင်း တိုက်ခိုက်တာတွေကြောင့်ကော မီးလောက်ပျက်စီးသွားပြီ။ ရပ်ကွက် ၃ ရပ်ကွက် လောင်သွားပြီ။ ၃၊ ၄၊ ၂ ရပ်ကွက်တွေလောင်သွားပြီး၊ အခုလည်း လောင်နေတာတွေ ရှိတယ်၊ ရာခိုင်နှုန်းနဲ့ဆိုရင် ၇၀ ရာခိုင်နှုန်းလောက် လောင်ကျွမ်းသွားပြီ။” 

ထီးချိုင့်မြို့ကို စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးခဲ့ရင် အကောင်းအတိုင်း မကျန်ရှိအောင် အခုလို ရည်ရွယ်ချက်ရှိရှိနဲ့ မီးရှို့တာဖြစ်နိုင်တယ်လို့ ပ.က.ဖ တာဝန်ခံက ပြောပါတယ်။

ထီးချိုင့်မြို့မှာ ရပ်ကွက် ၅ ရပ်ကွက်ရှိပြီး  မီးလောင်ပျက်စီးခဲ့တဲ့ ရပ်ကွက် ၃ ရပ်ကွက်ဟာ စစ်ကောင်စီတပ်တွေ ပြန်လည်နေရာယူထားတဲ့ ရပ်ကွက်တွေဖြစ်ပြီး ကျန်ရပ်ကွက် ၂ ခုကိုတော့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။

လက်ရှိ ထီးချိုင့်မြို့ပတ်ဝန်းကျင်မှာ နှစ်ဖက်စစ်ရေး တင်းမာနေဆဲဖြစ်တယ်လို့ မြို့နယ် ပ.က.ဖ တာဝန်ရှိသူက ပြောပါတယ်။

“တိုက်ပွဲကတော့ ဟိုကဘက်ကလည်း တဝက်၊ ဒီဘက်ကလည်း တဝက်၊ တဝက် တစ်ဝက်ထိန်းထားတယ်။ နှစ်ဖက် စစ်ရေးတင်းမာနေဆဲဖြစ်တယ်၊ နှစ်ဖက်ဆိုင်ထား တဲ့အခြေအနေပါ။ သူတို့ဘက်ကတော့ ဒီနေ့အထိ စစ်အင်အားတိုးလာတွေတော့ မတွေ့ရသေးဘူး၊ သူတို့ကို ပိတ်ထားတဲ့ အခြေအနေပါ။” 

မြို့ကို ဝင်ရောက်တိုက်ခိုက်တဲ့နေ့ကစပြီး နှစ်ဖက် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်ကတော့ နေ့စဉ် လေကြောင်းကနေ ပြင်းထန်စွာတိုက်ခိုက်ခဲ့သလို နိုဝင်ဘာ ၁၀ ရက် တနေ့တည်းမှာ ဂျက်တိုက်လေယာဉ်နဲ့ အကြိမ် ၂၀ လောက်လာရောက်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

ထီးချိုင့်မြို့နေရာအတော်များများမှာ နိုဝင်ဘာ ၈ ရက်နဲ့ ၁၅ ရက်‌အတွင်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ အလယ်တော့ရွာ၊ အင်းဒင်ရွာ၊ လေသာနဲ့ အင်ဒေါင်းရွာတွေကိုလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂၀ ဝန်းကျင် ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့  ပ.က.ဖ တာဝန်ခံကနေ သိရပါတယ်။

ထီးချိုင့်မြို့ပေါ်က ပြည်သူတွေကတော့ နိုဝင်ဘာ ၆ ရက်နေ့လောက်ကတည်းက မြို့ပေါ်ကနေ ဘေးလွတ်ရာကျေးရွာတွေမှာ စုပေါင်းခိုလှုံနေကြပြီး စားဝတ်နေရေးအခက်ခဲဖြစ်နေသလို အခုရက်ပိုင်း မိုးရွာသွန်းတာတွေကြောင့် အမိုးအကာတွေ လိုအပ်နေတယ်လို့ မြို့ခံတွေကနေ သိရပါတယ်။

နိုဝင်ဘာ ၁၇ ရက်နေ့ မနက်ပိုင်းမှာလည်း ဧရာဝတီမြစ်အရှေ့ခြမ်း မြတောင်ဘက်ကနေ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိခဲ့ပေမဲ့ မြို့ပတ်ဝန်းကျင်မှာတော့ တိုက်ပွဲငြိမ်သက်နေတာ နှစ်ရက်၊ သုံးရက် ရှိပြီလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024