ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာ စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကိုယ်ဝန်ဆောင်နဲ့ ကလေးအပါအဝင် ၄ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
၄ မိုင်ရွာမှာ အခြေချထားတဲ့ စစ်ကောင်စီတပ် ခလရ-၃၉ အနီးတဝိုက်ရွာတွေကို နိုဝင်ဘာ ၁၈ ရက်နေ့ မနက်ပိုင်းမှာ လေကြောင်းကနေ ထပ်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆိတ်ဖူးတောင်ကျေးရွာအုပ်စု ကျေးရွာတွေက ပြည်သူတွေ တိမ်းရှောင်နေရပါတယ်။
ဒေသခံတယောက်က “ဒီမနက် သေသေချာချာ စစ်ကြည့်တော့မှ သေတာ သိရတာပါ။ မနေ့ညနေက ပစ်ပြီး ဒီမနက် ထပ်ပစ်တာက ရေဆင်းကုန်း၊ ကယားပြုံးချောင်း၊ ဆိတ်ဖူးတောင်ရွာ အနီးတဝိုက်ကိုထပ်ပစ်တာ” လို့ ပြောပါတယ်။
ဆိတ်ဖူးတောင်ကျေးရွာအုပ်စု၊ စပါးလင်ကုန်းရွာက အသက်ကြီးအမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး၊ ကိုယ်ဝန်ဆောင် ၁ ဦးနဲ့ ကလေး ၁ ဦးတို့ သေဆုံးခဲ့တယ်လို့သိရပြီး အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
တောင်ငူမြို့ပေါ်က ကယ်ဆယ်ရေး အသင်းအဖွဲ့တွေဟာလည်း စစ်ကောင်စီက လမ်းတွေ ပိတ်ထားတာကြောင့် သွားလို့မရဖြစ်နေတယ်လို့ သိရပါတယ်။
တော်လှန်ရေးအင်အားစုနဲ့ နီးစပ်သူတယောက်က “သံတောင်လမ်းကို အဝင်အထွက် မပေးတော့ ဖြတ်သန်းသွားလာနေတဲ့ ယာဉ်တွေ ပိတ်မိနေတယ်။ ညကတည်းက တိုက်ပွဲဖြစ်တာ ခုမနက်လည်း ဖြစ်တုန်းပဲ။ လမ်းကို မနက်က ပိတ်လိုက်တာ ဘယ်ချိန်ပြန်ဖွင့်မလဲမသိသေးဘူး” လို့ ပြောရပါတယ်။
တောင်ငူမြို့ကို အသွားအလာလုပ်တဲ့ အဝင်၊ အထွက်လမ်းကို ဒီမနက်အထိ ပိတ်ထားပြီး နောက်ပိုင်းမှာ ပြန်ဖွင့်ပေးပေမယ့် ဖြတ်သန်းသွားလာရဲတဲ့သူ မရှိဘူးလို့လည်း သိရပါတယ်။
ကယားပြုံးချောင်းကျေးရွာဟာ လွန်ခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေအိမ် ၉ လုံး မီးရှို့ခံရခဲ့ပါသေးတယ်။