မော်လ်ဒိုက်နိုင်ငံဟာ သူ့မြေပေါ်မှာ ဘာနိုင်ငံခြားစစ်တပ်မှ မထားရှိဖြစ်တော့အောင် သံတမန်ရေး ကို အသုံးပြုသွားမှာဖြစ်ကြောင်း သမ္မတသစ် မိုဟာမဒ် မွေ့ဇူက နိုဝင်ဘာ ၁၇ ရက်မှာ ပြောကြားလိုက်ပါတယ်။
သမ္မတ မွေ့ဇူဟာ စက်တင်ဘာလတုန်းက မော်လ်ဒိုက် သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ အီဘရာဟင်မ် ဆိုလီကို အနိုင်ရရှိခဲ့ပြီးနောက်မှာ သောကြာနေ့မှာ ပြုလုပ်တဲ့ သူ့ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ မှတ်ချက်ပေး ပြောကြားခဲ့တာပါ။
အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့က အပြိုင်အဆိုင် ဩဇာလွှမ်းမိုးမို့ လုပ်နေတဲ့ အိန္ဒိယသမုဒ္ဒရာ ကျွန်းနိုင်ငံ အတွက် နိုင်ငံခြားရေးမူဝါဒ ဦးစားပေးကိစ္စတွေကို အပြောင်းအလဲ လုပ်နိုင်ဖွယ်ရှိနေပါတယ်။
သမ္မတဟောင်း ဆိုလီ တုန်းက “အိန္ဒိယ ပထမ” မူဝါဒကို လိုက်နာခဲ့ပေမယ့် မွေ့ဇူ ကတော့ သူ့ရဲ့ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအတွင်းမှာပဲ မော်လ်ဒိုက်မှာ လူ ၇၅ ဦး လောက် ထားရှိတဲ့ အိန္ဒိယစစ်တပ်ငယ်တဖွဲ့ကို ဖယ်ရှားမယ် လို့ ကတိပြုခဲ့ပါတယ်။
မွေ့ဇူဟာ အိန္ဒိယစစ်တပ်မှ ဝန်ထမ်းတွေကို ဖြစ်နိုင်သမျှ အမြန်ဆုံးပြန်ပို့ဖို့ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ပြီးခဲ့တဲ့လက ပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း အိန္ဒိယနဲ့ တရုတ် ၂ နိုင်ငံစလုံးနဲ့ ခိုင်မာတဲ့ ရင်းနှီးမြှုပ်နှံမှု ဆက်ဆံမှုတွေ တိုးမြင့်လာစေဖို့ သူ့ရဲ့ ကတိကဝတ်ကိုလည်း အလေးပေး ပြောကြားခဲ့ပါတယ်။
လူပေါင်း ငါးသိန်းနှစ်သောင်းတထောင်လောက် နေထိုင်ရာ မော်လ်ဒိုက် ကျွန်းစုနိုင်ငံဟာ သူ့ရဲ့ နေပူဆာလှုံ ကျွန်းကွင်းငယ်တွေနဲ့ ဇိမ်ခံခရီးသွား အပန်းဖြေစခန်းတွေကြောင့် ကျော်ကြားပါတယ်။
Source/Photo-Reuters