ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ လာရောက်တိုက်ခိုက်တာကြောင့် ဒေသခံ ၃ ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီမနက်ပိုင်းက ဘာတိုက်ပွဲမှမရှိဘဲ အခုလိုလာရောက် ပစ်ခတ်တိုက်ခိုက်တာဖြစ်ပြီး မနေ့ကတော့ ရွှေကျင်မြို့နယ်က စစ်တပ်စခန်းတခု တိုက်ခိုက်သိမ်းပိုက်ခံခဲ့ရပါတယ်။
ရွှေကျင်မြို့နယ်၊ ကမ်းနီကျေးရွာနားက ရွှေတွင်းမြောင် ဘုန်းကြီးကျောင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပြီး စက်သေနတ်နဲ့လည်း ပစ်ခတ်သွားပေမဲ့ ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးဘူးလို့ တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်
နေ့လယ် ၁၂ နာရီလောက်မှာလည်း ရွှေကျင်မြို့နယ်၊ အင်္ဂနီကျေးရွာ၊ ကျောက်တန်းနဲ့ ဆိတ်ချေးကုန်းရွာဘက်ကို စစ်ကောင်စီက လေယာဉ်နဲ့လာရောက် ဗုံးကြဲတာ၊ စက်သေနတ်နဲ့ပစ်တာကြောင့် အသက် ၆၀ ကျော်အရွယ် အဖွားအို ၁ ယောက် သေဆုံးခဲ့ပြီး တခြား ထိခိုက်ပျက်စီးတာတွေကိုတော့ မသိရသေးပါဘူး။
ဒါ့အပြင် အင်္ဂနီကျေးရွာနဲ့ ကျောက်တန်းရွာတို့မှာရှိတဲ့ KNU နဲ့ PDF ပူးပေါင်း စစ်ဆေးရေးဂိတ်တွေကိုလည်း ဗုံးကြဲ စက်သေနတ်နဲ့ပစ်လို့ ကျောက်တန်းဒေသခံ အသက်ကြီးပိုင်းအမျိုးသမီး ၂ ယောက် သေဆုံးခဲ့ပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် အိမ်တွေလည်း ထိခိုက် ပျက်စီးသလို ရာနဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး တချို့လည်း ရွာထဲမှာ ပိတ်မိနေတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၇ ရက်နေ့ မနက်ပိုင်းက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)နဲ့ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော်(BPLA)တို့ ပါဝင်တဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့ဟာ ရွှေကျင်မြို့နယ်၊ ကျုံချောင်ရွာနားက တောင်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ၊ ခမရ ၃၅၁ တပ်ရင်း အခြေစိုက်ရာ တောင်ခြေရင်း စခန်းတခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။