နယူးဟမ့်ပ်ရှိုင်းယားပြည်နယ် စိတ်ရောဂါကုဆေးရုံမှာ နိုဝင်ဘာ ၁၃ ရက်က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပေမယ့် ခြိမ်းခြောက်မှုမှာ တည်ငြိမ်သွားခဲ့ပြီး သံသယရှိသူကတော့ သေဆုံးခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့နဲ့ အရေးပေါ် စီမံခန့်ခွဲရေး တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။
မန်ချက်စတာအခြေစိုက် ရုပ်မြင်သံကြားဌာန WMUR-TV ရဲ့ အဆိုအရ ဒီ ၁၈၄ ခုတင်ဆံ့ ဆေးရုံဟာ လုံခြုံစိတ်ချရတဲ့ စိတ်ရောဂါကုဆေးရုံတရုံဖြစ်ပြီး ဧည့်သည်အားလုံးဟာ သတ္တုရှာဖွေ စက် တွေကတဆင့် ဖြတ်သန်းရမှာဖြစ်ပြီး တာဝန်ကျရဲအရာရှိတယောက်က အမြဲတမ်း ရှိနေပါတယ်။
ပစ်ခတ်မှုဟာ ပြည်နယ်မြို့တော် ကွန်ကော့ဒ် ရှိ နယူးဟမ့်ပ်ရှိုင်းယား ပြည်နယ်ဆေးရုံမှာ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်မှာ ဖြစ်ပွားခဲ့တာပါ။
“အခင်းဖြစ်ပွားရာနေရာမှာ မသင်္ကာဖွယ်ယာဉ်တစီးကို တွေ့ရှိထားပြီး အဲဒီအခြေအနေမှာ သံသယရှိသူကတော့ သေဆုံးသွားပြီ”လို့ ရဲမှူးကြီး မာ့ခ်ဟောလ်က ပြောပါတယ်။
ပစ်ခတ်မှုကြောင့် သေဆုံးသူ အများအပြား ရှိကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က အစပိုင်းမှာ သတင်း ထုတ် ပြန်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲမှူးကြီး မာ့ခ်ဟောလ် က ဒီပစ်ခတ်မှု ဟာ ဆေးရုံဧည့်ခန်းမှာသာ ဖြစ်ပွားခဲ့ပြီး လူနာအားလုံး ဘေးကင်းကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
လူနာအားလုံး ဘေးကင်းလုံခြုံပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်ဆောင်နေချိန်မှာ ဒီဧရိယာကို ရှောင်ရှားကြဖို့လည်း ရဲတပ်ဖွဲ့က တောင်းဆိုထားပါတယ်။
Source/Photo-Reuters