စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ဗန်းမော်-မန္တလေးလမ်းမကြီးမှာ တိုက်ပွဲတွေကြောင့် လူ ၁၀၀ ကျော်လောက်ပိတ်မိနေပြီး ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ပေါ်မှာလည်း လူ ၁၀၀ ကျော် ပိတ်မိနေပါတယ်။
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့မှာ နိုဝင်ဘာ ၁၆ ရက်နေ့က စစ်ကောင်စီဘက်က ရေကြောင်း၊ လေကြောင်းကနေတိုက်ခိုက်ပြီး မြို့ပေါ်မှာတပ်စွဲလိုက်တာကြောင့် ပြည်သူ ၁၀၀ လောက်ပိတ်မိနေပြီး အကူညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဖမ်းဆီးခံထားရသူ ၅၀ နီးပါးလောက်ရှိနေသလို ရက္ခိုင့်တပ်တော် အေအေက လာရောက်ကယ်ထုတ်ပေးဖို့လည်း တောင်းဆိုနေကြတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
ပိတ်မိနေတဲ့ ပြည်သူအများစုဟာ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ရောဂါသည်တွေဖြစ်တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ နေ့ခင်းဘက်မှာ ယူနီဖောင်းနဲ့ ညပိုင်းတွေမှာ အရပ်ဝတ်တွေနဲ့ နေအိမ်တွေကို လက်နက်ငယ်တွေပစ်ခတ်ဝင်ရောက်ပြီး ပြည်သူတွေကို ဖမ်းဆီးတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ လောကထိပ်ပန်ဘုရား၊ ရပ်ကွက် ၁၊ ၂၊ ၃၊ ဘိုတထောင်၊ ပန်းသီးရပ်ကွက်၊ ဆေးရုံဟောင်းနား၊ သင်္ဘောဆိပ်နဲ့ ရဲစခန်းတို့ကို ပိတ်ဆို့ထား တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီတပ်ဘက်က ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး ပစ်ခတ်ခဲ့လို့ ပေါက်တောမြို့ပေါ်က သံဃာတော်တပါး အပါအဝင် သေဆုံးခဲတဲ့ ပြည်သူ ၂၀ ကျော်လောက်သေဆုံးခဲ့ပါတယ်။
သေဆုံးခဲ့သူတွေကို နိုဝင်ဘာ ၁၇ ရက်နေ့ ညနေ ၄ နာရီခွဲလောက်မှာ နာရေးကူညီမှု အသင်းတခုက မီးသင်္ဂြိုလ်ပေးခဲ့ပြီး သေဆုံးဒဏ်ရာရတဲ့သူတွေ ရှိနိုင်သေးတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူ အများအပြားကို သတ်ဖြတ်ခဲ့တာကြောင့် များစွာဝမ်းနည်းခဲ့ရပြီး အဲဒီ စစ်ရာဇဝတ်မှုကျူးလွန်သူတွေကို လက်တုန့်ပြန် တိုက်ခိုက်သွားမယ်လို့ နိုဝင်ဘာ ၁၆ ရက်နေ့ ညပိုင်းမှာ ရက္ခိုင့်တပ်တော် အေအေက ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာတော့ နိုဝင်ဘာ ၉ ရက်ကတည်းက ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်နေပြီး လမ်းတွေပိတ်နေလို့ ငါးအိုးနယ်ဘက်က သကြားစက်ရုံအလုပ်သမား ၁၀၀ ကျော်ခန့် ပိတ်မိနေကြပြီး အိမ်ပြန်ဖို့ အရဲစွန့်ထွက်ခွာသွားတဲ့ လူတချို့လည်း စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရပြီး အဆက်အသွယ် ပြတ်နေတယ်လို့ အလုပ်သမားတွေနဲ့ နီးစပ်သူက ပြောပါတယ်။
“အလုပ်သမားတွေနဲ့ ဆွေမျိုးတော်စပ်သူက နိုဝင်ဘာ ၁၄ ရက်က အရဲစွန့်ပြီး အလုပ်သမားတချို့ ပြန်ကြမယ်ဆိုပြီး ထွက်သွားကြတာ။ ကားလည်း ချိတ်ထားပေးပါတယ်။ လမ်းကြောအတိုင်းက ပိတ်ထားတော့ တခြားလမ်းက သွားတဲ့ကားနဲ့ ထည့်ပေးဖို့ပါ။ အဲဒါ ထွက်သွားပြီး သူတို့နဲ့ အဆက်သွယ်မရတော့ဘဲ ပြတ်တောက်သွားပါတယ်။ ဒီဘက်မှာလည်း ဖုန်းလိုင်းတွေ မကောင်းနေဘူး၊ မကြာခဏ ပြတ်တောက်နေတာပါ။ အခုချိန်ထိ အဆက်သွယ်မရတော့ဘူး။ စစ်ကောင်စီတွေရဲ့ ဖမ်းဆီးတာ ခံလိုက်ရတယ်လို့တော့ သတင်းသဲ့သဲ့ ကြားလိုက်ရတယ်”
တိုက်ပွဲပြင်းထန်နေတာကြောင့် နိုဝင်ဘာ ၉ ရက်က ဗန်းမော်-မန္တလေးလမ်းမကြီးက တကောင်း၊ ထီးချိုင့်၊ အင်းတော် လမ်းပိုင်းတချို့ကို တည်ငြိမ်အေးချမ်းတဲ့အချိန်ထိ ရက်အကန့်အသတ်မရှိ ပိတ်ထားမယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က စာထုတ်ပြန်ထားပြီး ခရီးသည်တင်ကားတွေနဲ့ ခရီးသည်တွေလည်း ပိတ်မိနေကြတယ်လို့ သိရပါတယ်။