ဂါဇာမြို့တော်ရှိ အယ်လ်ရှီဖာဆေးရုံမှာ လက်နက်တွေ၊ ကွပ်ကဲရေးစင်တာတွေ လုံးဝမရှိဘူးလို့ ဟားမတ်စ်ကိုယ်စားလှယ် အိုဆာမာ ဟမ်ဒန်က နိုဝင်ဘာ ၁၆ ရက်က ဘေရွတ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ငြင်းဆိုခဲ့ပါတယ်။
“အယ်လ်ရှီဖာဆေးရုံမှာ ဘာလက်နက်မှ၊ ဘာထိန်းချုပ်ခန်းမှ မရှိထားဘဲ အဲဒါတွေက အစ္စရေးရဲ့ အလိမ်အညာတွေ” လို့ ဟမ်ဒန်က ပြောပါတယ်။
အစ္စရေးတပ်ဖွဲ့တွေက အယ်လ်ရှီဖာဆေးရုံကို စစ်ဆင်ရေးတွေ ဆက်လက်ပြုလုပ်နေတာ ဖြစ်ပြီး ဟားမတ်စ်ကတော့ သူတို့ဟာ ဆေးရုံအားလုံးကို တချိန်လုံး လက်ရှောင်ထားခဲ့တာ ဖြစ်ကြောင်းလည်း ဆိုပါတယ်။
အမည်မဖော်လိုသူ အစ္စရေးစစ်ဘက်အရာရှိတဦးကတော့ အစ္စရေး ကွန်မန်ဒိုတွေဟာ အယ်လ်ရှီဖာဆေးရုံရဲ့ အထပ်တိုင်းနဲ့ အဆောက်အအုံတိုင်းမှာ ရှာဖွေနေပြီး အချက်အလက်သစ်တွေ အချိန်တိုင်း ထွက်ပေါ်လာနေတယ်လို့ ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။
ဒီအဆောက်အဦမှာ ကောင်းကောင်းဖွက်ထားတဲ့ အကြမ်းဖက် အဆောက်အအုံတွေ ရှိနေတယ် ဆိုတာကို နားလည်ထားတာကြောင့် ဒီစစ်ဆင်ရေးကို ပုံဖော်တာပါလို့ သူက ဆိုပါတယ်။
ဟားမတ်စ်တွေဟာ ဂါဇာကမ်းမြောင်ဒေသရှိ အယ်လ်ရှီဖာဆေးရုံကို ကွပ်ကဲမှုစင်တာအဖြစ် အသုံးပြုနေတယ်ဆိုတဲ့ အမေရိကန်ရဲ့ ထောက်လှမ်းရေးအကဲဖြတ်မှုအပေါ် ယုံကြည်မှုရှိကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters