ထိုင်းအရှေ့တောင်ပိုင်း၊ ချွန်းပူးရီးခရိုင်ထဲမှာ ဗီယက်နမ်နိုင်ငံကနေ တရားမဝင်တင်သွင်းလာတဲ့ အရည်အသွေးမပြည့်မီသော နို့မှုန့် ၊ တိုင်းရင်းဆေးနဲ့ အားဖြည့်အာဟာရတွေ ဖမ်းဆီးရမိတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
အဆိုပါကုန်ပစ္စည်းတွေကို ဘန်ကောက်နဲ့ တခြားခရိုင်တွေမှာရော အွန်လိုင်းမှာပါ ဖြန့်ဖြူးရောင်း ချနေကြောင်း၊ အဲဒီလိုရောင်းချရာမှာလည်း နာမည်ရ ဆရာဝန်တွေရဲ့ ရုပ်ပုံတွေကို ဖြတ်ညှပ်ကပ် အလွဲသုံးစားပြု အသုံးချပြီး နဂိုအာနိသင်ထက် ပိုမိုစွာကြွားဝါ ကြော်ငြာကြောင်း သတင်းပို့ချက်ရတဲ့အတွက် စုံစမ်းထောက်လှမ်းပြီး သွားရောက်ဖမ်းဆီးခဲ့တာလို့ စားသုံးသူများ ကာကွယ်ရေးဆိုင်ရာ ရာဇဝတ်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူး ရဲမှူးကြီး ဝိထယားဆီ ပရဆစ်ဖတ်က နိုဝင်ဘာ ၁၆ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
သတင်းအရ သွားရောက်ရှာဖွေခဲ့တဲ့ နေရာ နှစ်နေရာကနေ နို့မှုန့်ဘူး ၊ အားဖြည့်အဟာရဆေး၊ တိုင်းရင်းဆေးစသဖြင့် အရေအတွက်ပေါင်း ၄၃၄၁၁ ခုသိမ်းဆည်းရမိပြီး တန်ဖိုးအားဖြင့် ဘတ်သန်းပေါင်း ၄၀ လောက်ရှိမယ်၊ လုပ်ငန်းလည်ပတ်ငွေကတော့ ဘတ် ၁၇၅ သန်းရှိတယ်လို့ ခန့်မှန်းပါတယ်။
အဆိုပါတိုင်းရင်းဆေးတွေထဲမှာ နှလုံးအားတိုးဆေး၊ သွေးသန့်ဆေး၊ ဆီးချိုရောဂါကာကွယ်ဆေး၊ အရိုးပျော့ကာကွယ်ဆေး၊ ခြေလက်ကျဉ်ပျောက်ဆေးတွေပါရှိပြီး လူအမြောက်အမြား ဝယ်ယူအားပေးကြောင်း၊ အမှန်တကယ် ပျောက်ကင်းမှုမရှိတဲ့အတွက် တိုင်ကြားချက်ရရှိတာလို့ ဆိုပါတယ်။
အဆိုပါကုန်ပစ္စည်းတွေဟာ ဗီယက်နမ်နိုင်ငံမှ တရားမဝင်တင်သွင်းပြီး ဂိုဏ်းခေါင်းဆောင်က ဗီယက်နမ်လူမျိုးဖြစ်ကြောင်း၊ ဒီဖြစ်စဉ်ကနေ ဗီယက်နမ်နိုင်ငံသား ၈ ဦးကို ဖမ်းဆီးထားပြီး တရားမဝင် အစားအစာနဲ့ဆေးဝါးတင်သွင်းမှု၊ တရားမဝင်ထုတ်လုပ်မှု၊ လိမ်လည် ကြော်ငြာမှုကြောင့်ကွန်ပြူတာဥပဒေ၊ အလုပ်သမားမှတ်ပုံတင်မရှိဘဲ အလုပ်လုပ်မှုတွေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။
အဲဒီနေ့တရက်တည်းမှာ ဘန်ကောက်မြို့ ဘန်ခွန်ထိန်းနယ်မြေ ဆမဲဒမ်မြို့နယ်ထဲက အလှကုန်ပစ္စည်းအတုအပ ထုတ်လုပ်ရောင်းချနေတဲ့ နေရာတစ်ခုကိုလည်း ထိုင်းရဲက သွား ရောက်စစ်ဆေးအရေးယူခဲ့ပါတယ်။
အဲဒီကနေ တံဆိပ်အတုအပ အလှကုန်ပစ္စည်း၊ ဆပ်ပြာအတု ၊ တိုင်းရင်းဆေးအတုတွေ ဖမ်းမိခဲ့ပြီး တန်ဖိုးငွေစုစုပေါင်း ဘတ် ၂ သန်းခန့်ရှိကြောင်း၊ ဒီလုပ်ငန်းရဲ့ အဓိကခေါင်းဆောင်မှာ ချွန်းချိန် ဆိုသူ တရုတ်အမျိုးသမီးတစ်ဦးဖြစ်တယ်လို့ ထိုင်းရဲက သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။
SOURCE: THAIRATH