စစ်ကိုင်းတိုင်း၊ ကလေးမြို့အရှေ့ပိုင်း ဗိုလ်ချုပ်လမ်းမပေါ်ရှိ မြို့နယ်ရဲစခန်းနဲ့ မျက်နှာချင်းဆိုင်က ဌာနဆိုင်ရာ အထွေထွေစုပေါင်းရုံးကို ရက်အကန့်အသတ်မရှိ ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၁၄ ရက်ကစတင်ကာ ရုံးပိတ်ထားတာဖြစ်ပြီး ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှာကို စိုးရိမ်တာကြောင့် ရုံးပိတ်ထားတာလို့ ဆိုပါတယ်။
အထွေထွေစုပေါင်းရုံးမှာ တာဝန်ကျနေတဲ့ ကျန်းမာရေးကြီးကြပ်-၂ ဆရာမတဦးက “PDF တွေက စုပေါင်းရုံးကို တိုက်မှာလို့ လိုင်းပေါ်တွေတင်ထားလို့ ရုံးကိုမသွားဘဲ နေလိုက်တော့တာ။ နောက်တော့ ဒကစမှူးက ပိတ်ခိုင်းလို့ ရုံးကို ပိတ်ထားတာ” လို့ ပြောပါတယ်။
အဆိုပါစုပေါင်းရုံးကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့က မြို့နေပြည်သူတွေအနေနဲ့ အသွားအလာ မလုပ်ကြဖို့ သတိပေးထားတာတွေလည်း ရှိပါတယ်။
ဒေသခံ တော်လှန်ရေးအင်အားစုအဖွဲ့ဝင်တဦးက “ပြည်သူတွေက စုပေါင်းရုံးကို ထောက်ခံစာ ယူရတာတွေ၊ ကိုဗစ်ဆေးထိုးတာတွေ၊ မီတာကြေးဆောင် သွားကြရတာတွေ ရှိတယ်ဗျ။ ကျနော်တို့ဘက်က စုပေါင်းရုံးမှာ တပ်စွဲနေတဲ့ စစ်သားတွေ တိုက်ခိုက်တဲ့အခါ ပြည်သူတွေ ထိခိုက်မှုမရှိအောင် ကြိုတင်ဟန့်တားထားတဲ့ သဘောပါဗျ” လို့ ပြောပါတယ်။
လက်ရှိ ကလေးမြို့နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာတော့ စစ်ကောင်စီတပ်စခန်း ၃ ခုကို ဒေသခံ ကာကွယ်ရေးတပ်တွေက သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီကတော့ ကလေးမြို့ပေါ်မှာ ရှောင်တခင်စစ်ဆေးမှုတွေ ပြုလုပ်နေသလို ညပိုင်းတွေလည်း ပတ်ကင်းတွေ လှည့်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။