စပိန်ဝန်ကြီးချုပ် ပေဒရို ဆန်းချက်စ်ကို နောက်ထပ်သက်တမ်းအတွက်ခန့်အပ်ဖို့ စပိန်လွှတ်တော်မှာ မဲခွဲဆုံးဖြတ် အတည်ပြုပြီးနောက် နိုဝင်ဘာ ၁၆ ရက်နေ့မှာ မက်ဒရစ်မြို့ လမ်းမတွေပေါ်မှာ လူတွေ ဆန္ဒထွက်ပြခဲ့ကြပါတယ်။
ဆန်းချက်ဇ်ဟာ ထောက်ခံမဲ ၁၇၉ မဲ၊ ကန့်ကွက်မဲ ၁၇၁ မဲနဲ့ ကြားနေမဲမရှိ ဝန်ကြီးချုပ်အဖြစ် နောက်ထပ်တာဝန်ဆက်ထမ်းဖို့ အတည်ပြုချက် ရရှိသွားတာပါ။
ဇူလိုင်လမှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲအပြီး ကာလကြာရှည် မတည်မငြိမ် ဖြစ်နေမှုကိုလည်း အဆုံးသတ်လိုက်တာ ဖြစ်ပါတယ်။
“စပိန်နိုင်ငံကို ဒီလိုနည်းလမ်းနဲ့ ရောင်းစားလိုက်တာကို လုံးဝမကျေနပ်ဘူး” လို့ ဆန္ဒပြ ပင်စင်စားတဦးဖြစ်တဲ့ ကာမန် ဂွန်ဇာလက်ဇ်က ပြောပါတယ်။
ဒီလွတ်ငြိမ်းချမ်းသာခွင့်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မပါဝင်ဘူးလို့ သူပဲပြောခဲ့ပြီး အခု ရှိသွားပြီလေလို့လည်း ဆိုပါတယ်။
တီဗီမှာပေါ်လာတိုင်း သူ လိမ်ညာပြောဆိုနေတာပဲဖြစ်ပြီး သူ့မှာ စီးပွားရေး၊ လူ့အဖွဲ့အစည်းနဲ့ အရာအားလုံးနဲ့ ပတ်သက်ပြီး စပိန်မှာ ဖြစ်ပျက်နေတာတွေကို ဖော်ပြဖို့ စကားလုံးတောင် မရှိပါဘူးလို့ ဆန္ဒပြကျောင်းသား အယ်လ်ဘာတိုက ပြောပါတယ်။
ဆန်းချက်စ်ရဲ့ စပိန်ဆိုရှယ်လစ် အလုပ်သမားပါတီ (PSOE) ဟာ သူတို့ ကျောထောက်နောက်ခံ ရရှိဖို့အတွက် ဒေသတွင်း ပါတီအများအပြားနဲ့ သီးခြား သဘောတူညီချက်တွေ ပြုလုပ်ခဲ့ပါတယ်။
နိုဝင်ဘာ ၁၃ ရက်က လွှတ်တော်မှာ မှတ်ပုံတင်ထားတဲ့ အငြင်းပွားဖွယ်ရာ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်းလည်း ပါဝင်ခဲ့တာကြောင့် စပိန်နိုင်ငံသား အများအပြားကို ဒေါသထွက်စေခဲ့ပြီး နိုင်ငံတဝန်းမှာ ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
Source/Photo-Reuters