အုပ်ချုပ်ရေးမြို့တော်ဖြစ်တဲ့ နေပြည်တော်ရှိ အစိုးရဝန်ကြီးဌာနက ဝန်ထမ်းတွေကို လုံခြုံရေးနဲ့ သဘာဝဘေးအန္တရာယ်အကြောင်းပြပြီး တပ်ခွဲ နှစ်ခု ဖွဲ့စည်းဖို့ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်တက်ရောက်ပြီးသူတွေကို ဌာနအလိုက် စာရင်းကောက်ယူနေတယ်လို့ စုံစမ်း သိရပါတယ်။
“ခု ဇီးပင်ကြီးနဲ့ ဖောင်ကြီး သင်တန်းတက်ပြီးသူတွေရဲ့ စာရင်းလိုက်ကောက်နေတယ်။ ဘာလုပ်ဖို့လဲဆိုတာ ဝန်ထမ်းတွေလည်း သိနေပါပြီ” လို့ စစ်ကောင်စီ ဝန်ကြီးဌာနတခုမှ ဝန်ထမ်းတဦးက ပြောပါတယ်။
နိုဝင်ဘာ ၁၅ ရက်နေ့ ရက်စွဲနဲ့ ထွက်ပေါ်လာတဲ့ လျှို့ဝှက်ညွှန်ကြားစာအရ ဌာနအလိုက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်တက်ရောက်ပြီးတဲ့ ဝန်တမ်းတွေ၊ စစ်မှုထမ်းဟောင်းတွေကို အခြေခံပြီး တပ်ခွဲ ၂ ခွဲ ဖွဲ့စည်းထားပြီး တပ်ခွဲ တခွဲဟာ လုံခြုံရေးနဲ့ သဘာဝဘေးအန္တရာယ်အတွက် လိုအပ်ရင် ရုံးပြင်ပထွက်ပြီး ကူညီရှာဖွေကယ်ဆယ်ရေးတာဝန်ထမ်းဆောင်ဖို့နဲ့ ကျန် တပ်ခွဲ တခွဲဟာ ပုံမှန်ရုံးလုပ်ငန်းတွေနဲ့ အုပ်ချုပ်ရေးထောက်ပံ့မှုလုပ်ငန်းတွေကို ဆောင်ရွက်ရန်လို့ ပါရှိပါတယ်။
အခုလို ဌာနအလိုက် တပ်ခွဲ ၂ ခွဲ ဖွဲ့စည်းတာကို ၂ ရက်အတွင်း ဆောင်ရွက်ရမယ်လို့လည်း လျှို့ဝှက်စာမှာ ပါရှိတယ်။
“ယောကျ်ားလေးတွေကို လုံခြုံရေးအတွက် အပြင်မှာ နေခိုင်းပြီး အမျိုးသမီးတွေကို ရုံးအထိုင်ထားမယ်လို့ သိရတယ်။ ဝန်ထမ်းတွေကတော့ တော်တော်စိတ်ညစ်နေကြပြီ” လို့ ဝန်ကြီးဌာနတခုမှ ဝန်ထမ်းတဦးက ပြောပါတယ်။
ဇီးပင်ကြီးနဲ့ ဖောင်ကြီးသင်တန်း တက်ရောက်ရတဲ့ အစိုးရဝန်ထမ်းတွေအနေနဲ့ သင်တန်းမှာ ယခင်ကတည်းက စစ်ပညာကိုပါ သင်ယူကြရတာဖြစ်ပါတယ်။
လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေပြည်တော်ကိုပါ တိုက်ခိုက်လာရင် အရန်အင်အားအတွက် အစိုးရဝန်ထမ်းတွေကိုပါ လုံခြုံရေးအဖွဲ့တွေ ဖွဲ့စည်းကာ တိုက်ပွဲတွေဖြစ်လာပါက အဆင့်ဖြစ်စေဖို့ အခုလို တပ်ဖွဲ့တွေဖွဲ့စည်းတာလို့ သိရပါတယ်။