ကချင်ပြည်နယ်၊ မံစီမြို့နယ်မှာ နိုဝင်ဘာ ၁၆ ရက်က မိုင်းခေါင်ကျေးရွာရှိ ဈေးမီးလောင်ပြီး ကျပ်သိန်းထောင်ချီ ဆုံးရှုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မနေ့မွန်းလွဲ ၃ နာရီလောက်က စားသောက်ဆိုင်တဆိုင်ကနေ စတင်မီးလောင်ရာကနေ ဈေးတခုလုံးနီးပါး မီးလောင်ကျွမ်း ပြာကျသွားတာ ဖြစ်ပါတယ်။
မိုင်းခေါင်ရွာသားတဦးက “ကလေးတွေ ကျောင်းဆင်းချိန်နီးမှာ ဖြစ်သွားတာ။ ဒီဈေးသက်တမ်းက နှစ် ၃၀ မကတော့ဘူး။ ခိုင်ခိုင်မာမာဆိုင်ခန်းတွေနဲ့ ရွာနီးနားဝန်းကျင် ၁၀ ရွာလောက်က ဒီဈေးတန်းကိုပဲ အားကိုးရတာပါ။ မံစီနဲ့ ဗန်းမော်မြို့ကလူတွေ အများစု ဒီဈေးမှာ လာရောင်းကြတာ၊ ပစ္စည်းတွေဆုံးရှုံးတာ ခန့်မှန်းတော့ သိန်းထောင်ကျော်လောက်တော့ ရှိနိုင်ပါတယ်။ ဒေသခံတွေတချို့လည်း ဒီဈေးကို တည်မှီပြီး ဒေသထွက်ကုန်တွေ လာရောင်းချပြီး လုပ်ကိုင်နေကြရသူတွေလည်း အများကြီးမို့ ပြန်တော့ဖြစ်စေချင်ပါတယ်” လို့ ပြောပါတယ်။
မံစီမြို့နယ်ရှိ မိုင်းခေါင်ကျေးရွာဟာ အာဏာသိမ်းပြီးစကာလတွေမှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်လေ့ရှိတဲ့ နေရာမှာ တည်ရှိနေပြီး အိမ်ခြေ ၁,၀၀၀ ကျော်ခန့်ရှိတဲ့ ရွာကြီးတရွာဖြစ်ကာ စစ်ရှောင်စခန်း ၃ ခုလည်း ရှိနေပါတယ်။