အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်အတွင်း နောက်ဆုံး အစည်းအဝေးဖြစ်တဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို ကျင်းပပြီး နောက် နိုဝင်ဘာ ၁၆ ရက်မှာ လာအိုနိုင်ငံကို အဆိုပါအစည်းအဝေးရဲ့ ဥက္ကဋ္ဌနေရာကို တရားဝင် လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ တင်းမာမှုတွေ မြင့်တက်နေချိန်မှာပဲ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို နိုဝင်ဘာ ၁၅ ရက်က ဂျကာတာမှာ စတင်ကျင်းပခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှာ ဆက်လက် ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ အစ္စရေး-ဟားမတ်စ် စစ်ပွဲကိစ္စတို့ဟာ ဆွေးနွေးမှုတွေမှာ အဓိကနေရာမှ ပါဝင်ခဲ့ပါတယ်။
နှစ်စဉ် ကျင်းပနေကျ အစည်းအဝေး ပြုလုပ်နေချိန်ဟာ အရှေ့အလယ်ပိုင်းဒေသနဲ့ ယူကရိန်းတို့မှာ ပဋိပက္ခတွေ ပြင်းထန်နေတာဖြစ်ပြီး တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားရေပိုင်နက်မှာ တင်းမာမှုတွေ မြင့်တက်နေချိန်လည်း ဖြစ်ပါတယ်။
အမေရိကန်ရဲ့ ကျောထောက်နောက်ခံရှိပြီး ဂျပန်နဲ့လည်း စစ်ရေးဆက်ဆံမှု မြှင့်တင်ဖို့ ကြိုးပမ်းနေတဲ့ ဖိလစ်ပိုင်ကို ရန်လိုနေတယ်လို့ တရုတ်က စွပ်စွဲထားပါတယ်။
Source/Photo-Reuters