တရုတ်နိုင်ငံက ထိုင်ဝမ်ကို ဘယ်အချိန် တိုက်ခိုက်နိုင်မလဲဆိုတာကို လုံးဝ မခန့်မှန်းနိုင်ခဲ့ပေမဲ့ ထိုင်ဝမ်အစိုးရရဲ့ မဟာဗျူဟာက သူ့ရဲ့ကာကွယ်ရေးကို မြှင့်တင်ဖို့နဲ့ နိုင်ငံတကာရဲ့ ထောက်ခံမှု ရရှိဖို့ပဲ အာရုံစိုက်တယ်လို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမှာ ကျင်းပတဲ့ အာရှပစိဖိတ်ဒေသ နိုင်ငံများ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့လာတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့ တွေ့ဆုံဆွေးနွေးခဲ့တဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ နိုဝင်ဘာလ ၁၆ ရက်မှာ ထိုင်ဝမ်က ပြောလိုက်တာပါ။
သမ္မတဘိုင်ဒန်ဟာ တရုတ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပြီးတော့ ထိုင်ဝမ်ရေလက်ကြားရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ အရေးကြီးကြောင်းကို ထောက်ခံတဲ့အနေနဲ့ အမေရိကန်ရဲ့ ရပ်တည်ချက်ကို ပွင့်ပွင့်လင်းလင်း ထပ်လောင်း ပြောကြားခဲ့တာကို နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြု ကြိုဆိုပါတယ်လို့ ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျက်ဖှ်လျိုက ထိုင်ပေမှာ ပြောကြားခဲ့ပါတယ်။
ဒါဟာ ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် နိုင်ငံတကာ အသိုက်အဝန်းက မြင့်မြင့်မားမား ထိတွေ့ဆက်ဆံနေမှုရဲ့ အရေးပါမှုကို တရုတ်နိုင်ငံကို နားလည်စေတယ်လို့လည်း သူက ဆိုပါတယ်။
စစ်ပွဲစတင်ခြင်းရဲ့ တန်ဖိုးကြီးမြင့်မှုကို မစဉ်းစားပဲ မျက်စိစုံမှိတ် လုပ်ဆောင်ခြင်း မပြုမိစေဖို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ထိုင်ဝမ်ဟာ ကိုယ်ပိုင်အင်အားပေါ်မှာ ငြိမ်းချမ်းရေး အစစ်အမှန်ကို အခြေခံ တည်ဆောက်ထားတာ ဖြစ်ကြောင်းနဲ့ ရန်ဆွတာမျိုးမဟုတ်ဘဲ အရှိန်အဟုန်နဲ့လည်း ရှေ့တိုးမှာ မဟုတ်ဘဲ ဖိအားတွေကိုလည်း အရှုံးပေးမှာ မဟုတ်ကြောင်း ဂျက်ဖှ်လျို က ပြောပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ နိုဝင်ဘာ ၁၅ ရက်က တနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့ကြပြီး စစ်ဘက်ဆိုင်ရာ ပဋိပက္ခတွေ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ ဉာဏ်ရည်တုဆိုင်ရာ အရေးကိစ္စတွေအပေါ် စူပါ ပါဝါ နှစ်နိုင်ငံအကြား သဘောထားကွဲလွဲမှုတွေကို ဖြေလျှော့ဖို့ ရည်ရွယ်တဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပြီး “စစ်မှန်တဲ့တိုးတက်မှု”ကို လုပ်ဆောင်နိုင်ခဲ့တယ်လို့ နှစ်ဖက်လုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။
Source/Photo-Reuters