ကချင်ပြည်နယ် ဗန်းမော်မြို့အထွက် နှစ်မိုင်အောင်သာ အလယ်တန်းကျောင်းပတ်ဝန်းကျင်မှာ နိုဝင်ဘာ ၁၆ ရက် မနက် ၄ နာရီဝန်းကျင်လောက်က ဆိုင်ကယ်စီးလာတဲ့ ပြည်သူ ၃ ဦးကို စစ်ကောင်စီက ပစ်သတ်ခဲ့ပြီးနောက် အလောင်းကို ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မနက် ၄ နာရီလောက်ဖြစ်မယ်၊ အစကတော့ ကားတစီးဖြတ်သွားတဲ့ အသံကြားတယ်၊ ကင်းပုန်းဝပ်နေတဲ့ စစ်သား (စကစ) တွေထင်တယ်။ ဆိုင်ကယ်ဖြတ်လာတော့ ရပ်ဖို့အောင်ဆဲ တာကြားရတယ်၊ နောက်တော့ သေနတ်သံတွေ ဆူညံသွားတာပဲ။ ဆိုင်ကယ်နဲ့ ဖြတ်လာတဲ့သူတွေကို ပစ်လိုက်တာထင်တယ်၊ အလောင်းလည်း မနက်စောကြီး ကားနဲ့ သယ်သွားတယ်။ မိုးလင်းတဲ့ အချိန်ပြန်ကြားရတာက သုံးယောက်ပစ်သတ်ခံရတယ် လို့ ကြားတယ်” လို့ ပြောပါတယ်။
သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ပြည်သူ ၃ ဦးက ဘယ်သူတွေဖြစ်တယ်ဆိုတာကို အတည်မပြုနိုင်သေးဘူးလို့ မြို့ခံတွေက ဆိုပါတယ်။
ပြည်သူ ၃ ဦး ပစ်ခတ်ခံရတဲ့ သေနတ်သံတွေ ထွက်ပေါ်ပြီးနောက် သုံးမိုင် လေယောဉ်ကွင်းစောင့်တဲ့ စစ်ကောင်စီတပ်သားတွေကလည်း ဘေးပတ်ဝန်းကျင်ကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားတွေက နှစ်မိုင်အောင်သာ အလယ်တန်းကျောင်းရှေ့မှာ အတားအဆီးတွေ ပြုလုပ်ပြီး လမ်းသွားလမ်းလာတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးမေးမြန်းခဲ့တယ်လို့ သိရပါတယ်။
ဗန်းမော်မြို့ပတ်ဝန်းကျင်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကနေ ညစဉ်ညတိုင်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်လေ့ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။