တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင်၊ အိမ်ရှေ့ပြင် စစ်ဆေးရေးဂိတ်အနီးမှာ စစ်ကားနဲ့ ရွေ့လျားပုံစံ ယာဥ်စစ်ဆေးနေတဲ့ ယာဥ်ထိန်းရဲနဲ့ စစ်ကောင်စီတပ်သားတွေကို နိုဝင်ဘာ ၁၅ ရက် မနက် ၁၀ နာရီခွဲက သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်ပကဖ DGRF တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
အိမ်ရှေ့ပြင်ဂိတ်အနီး နေထိုင်သူတဦးက “၅ မိနစ်လောက် အပြန်အလှန်ပစ်ကြပြီး လမ်းပိတ်ချလိုက်တယ်။ ကားမှာတော့ တော်တော်ထိသွားတယ်။ လူထိမထိတော့ အတိအကျ ပြောမရဘူး” လို့ ပြောပါတယ်။
DGRF ရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီတပ်သားနဲ့ ယာဥ်ထိန်း စုစုပေါင်း ၆ ဦး သေဆုံးကြောင်း ဖော်ပြထားပါတယ်။
အဲဒီပစ်ခတ်မှုအပြီးမှာ ဂိတ်ကို မိနစ် ၃၀ ခန့် ပိတ်ပြီးနောက် အိမ်ရှေ့ရပ်ကွက်က အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၂ ဦးကို လာရောက် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၅ ရက် မနက် ၉ နာရီဝန်းကျင်မှာလည်း မောင်မယ်ရှောင်ရွာ၊ ဘုရားမဲ စစ်ကောင်စီဂိတ်ကို DGRF က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
ထားဝယ်မြို့အတွင်း လမ်းဆုံလမ်းခွတွေမှာ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေ ဦးဆောင်ကာ ယာဥ်ထိန်းရဲတပ်ဖွဲ့က ရွေ့လျားပုံစံနဲ့ စစ်ဆေးလေ့ရှိပြီး ယာဥ်စည်းကမ်း လမ်းစည်းကမ်း ဥပဒေအထဲမှာ မပါဝင်တဲ့ အချက်တွေနဲ့လည်း ဖမ်းဆီးအရေးယူ ငွေညှစ်လေ့ရှိကြောင်း မြို့ခံတွေက ပြောပါတယ်။
အခုတိုက်ခိုက်ခံရတဲ့ အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်ဟာ ကိုဗစ်ကာလက ကျန်းမာရေးစစ်ဆေးတဲ့ဂိတ်ဖြစ်ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီဂိတ်ဖြစ်လာကာ အဲဒီဂိတ်မှာ စစ်ကောင်စီ၊ ရဲ၊ လ.ဝ.က၊ ထွေအုပ်နဲ့ သစ်တောဝန်ထမ်းတွေ ဂိတ်ထိုင်စစ်ဆေးလေ့ ရှိပါတယ်။