ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့မှာ နိုဝင်ဘာ ၁၁ ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေကာ စစ်ကောင်စီတပ်က ဒီနေ့ နိုဝင်ဘာ ၁၆ ရက်မှာ ဝေဟင်ကနေ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို လေထီးနဲ့ ချပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီနေ့ နေ့လယ် ၂ နာရီကျော်လောက်စပြီး လေထီးနှစ်ခုနဲ့ တွဲလျက်ပါတဲ့ အမဲရောင်အထုပ်တွေကို ၅၄ တပ်အနီး ချပေးနေတာ ၅ ကြိမ်လောက်ရှိပြီလို့ သိရပါတယ်။
ဒေသခံ ပြည်သူတဦးက “ရိက္ခာထုပ်နဲ့ ခဲယမ်းတွေလို့ ထင်တာပဲ။ ထောက်ပို့ပစ္စည်းတွေ နေမှာပေါ့။ သေတ္တာတွေလို့လည်း ပြောကြတယ်။ တခုခုဆိုတာနဲ့ ငါတို့မှာ ရင်ထိတ်နေရတယ်။ သူတို့ကတော့ ဖြည့်နေပြီ။ ဒီညလည်း အိပ်ရေးပျက်ရအုန်းမှာပေါ့” လို့ ပြောပါတယ်။
၁၁၁၁ စစ်ဆင်ရေးမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်နေတာကြောင့် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ နေ့စဥ် အဆမတန် ပစ်ခတ်နေတဲ့အပြင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကိုလည်း ပြုလုပ်နေပါတယ်။
နှစ်ဖက်ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က အထိနာပြီး အယောက် ၁၀၀ ကျော်မက သေဆုံးနေတာကြောင့် ဝေဟင်ကနေ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ ချပေးနေတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
လွိုင်ကော်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းကနေ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ အယောက် ၄၀ ကျော် သေဆုံးခဲ့ရပြီး ဒဏ်ရာရသူများပြားကာ နေအိမ်တွေ ပျက်စီးဆုံးရှုံးတာတွေလည်း များတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။