တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ထဲမှာ အကြမ်းဖက် စစ် အုပ်စုက ဂျက်ဖိုက်တာတွေ အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးသူငယ် ၃ ယောက်နဲ့ ကိုယ်ဝန်ဆောင် မိခင်တယောက် အပါအဝင် ပြည်သူ ၁၇ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်ကနေ ၁၄ ရက်အထိ ၃ ရက်တာအတွင်း ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ သခွတ်ချောင်ရွာ၊ ကိုးတဲရွာ၊ အလယ်တောရွာနဲ့ အင်းတိန်ရွာတွေထဲ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး အဲဒီအချိန်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေခြင်း မရှိဘူးလို့ ဆိုပါတယ်။
သေဆုံးခဲ့တဲ့ ကလေးသူငယ်တွေထဲမှာတော့ အသက် ၂ နှစ် အောက်ကလေးငယ် ၂ ယောက်၊ ၆ နှစ်အရွယ်ကလေးငယ် ၁ ယောက် ပါဝင်နေပြီး အဆိုပါ တိုက်ခိုက်မှုကြောင့် ပြည်သူတွေရဲ့ နေအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေလည်းပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
NUG အစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ပြည်သူတရပ်လုံး တန်းတူညီမျှ မှုရရှိရေး၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုရရှိရေးဆိုတဲ့ ဦးတည်ချက်တွေကို ခိုင်ခိုင်မာမာ လက်ကိုင်ဆွဲထားပြီးတော့ အကြမ်းဖက်စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။
နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။