Home
မြန်မာသတင်း
မုန်တိုင်းငယ် မြန်မာဘက်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့် သတ်မှတ်
DVB
·
November 16, 2023
Weather_16112023

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ မုန်တိုင်းငယ်ရဲ့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိလို့ အဝါရောင်အဆင့် သတ်မှတ်တယ်လို့ မိုးဇလဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

အားကောင်းသောမုန်တိုင်းငယ်(Deep Depression)ဟာ မြန်မာနိုင်ငံ၊ စစ်တွေမြို့ရဲ့ အနောက်-အနောက် တောင်ဘက် ရေမိုင် ၃၉၅ မိုင်ခန့်၊ ကျောက်ဖြူမြို့ရဲ့ အနောက်- အနောက်တောင်ဘက် ရေမိုင် ၄၁၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၂၁၀ မိုင်ခန့်၊ ပါရာဒစ်မြို့ တောင်ဘက် ရေမိုင် ၂၀၀ မိုင်ခန့်၊ ဒီဂါမြို့ တောင်-အနောက်တောင်ဘက် ရေမိုင် ၂၈၀ မိုင်ခန့်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့ အနောက်တောင်ဘက် ရေမိုင် ၃၆၀ မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ခန့်မှန်းထားပါတယ်။

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်ဟာ မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နိုဝင်ဘာ ၁၇ ရက်မှာ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း၊ ဩရိဿပြည်နယ်ကမ်းလွန်သို့ ရောက်ရှိနိုင်ကာ ၁၈ ရက်မှာ  ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို မောင့်ဂလာမြို့နဲ့ ခီပူပါရာမြို့တို့ အကြားမှ ဖြတ်ကျော်နိုင်တယ်လို့ ဆိုပါတယ်။

မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်၊ မိုးကြီး၊ ရုတ်တရက်ရေကြီးမြေပြိုနိုင်လို့ ကုန်းမြင့်အနီး နေထိုင်ကြသူတွေ မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေ ရေကြီး၊ ရေလျှံနိုင်လို့ ကြိုတင်သတိပြုနေထိုင်ကြဖို့ မိုးဇလက တိုက်တွန်းပါတယ်။

ပြည်တွင်းလေကြောင်း ပျံသန်းရေးနဲ့ ရခိုင် ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်၊ သင်္ဘောတွေလည်း ကြိုတင်သတိပြုကြဖို့ အသိပေးနှိုးဆော်ထားပါတယ်။

PHOTO- မိုးဇလ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024